TOP > ALL > HISTORY LIFESTYLE > တာနာဘာတာနက္ခတ်ပွဲတော်မှာ သင့်နှလုံးသားကိုအရည်ပျော်စေမယ့် မဆုံစည်းခဲ့ရတဲ့ အချစ်ဇာတ်လမ်း ၃ ပုဒ်
LIFESTYLE
HISTORY

တာနာဘာတာနက္ခတ်ပွဲတော်မှာ သင့်နှလုံးသားကိုအရည်ပျော်စေမယ့် မဆုံစည်းခဲ့ရတဲ့ အချစ်ဇာတ်လမ်း ၃ ပုဒ်

အချစ်ဆိုတာ ခယောင်းလမ်းမျှသာ (Love can be a bumpy road)

နဂါးငွေ့တန်းကြယ်တာရာအစုကြီးရဲ့အစွန်းတစ်ဖက်ဆီ နယ်နှင့်ဒဏ်ပေးခံလိုက်ရတဲ့ ကောင်းကင်ဘုံက ချစ်သူနှစ်ဦးဟာ တာနာဘာတာနက္ခတ်ပွဲတော်ညကျမှပဲ တစ်နှစ်တစ်ကြိမ် တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံတွေ့ခွင့် ရကြရှာပါတယ်။ နတ်ယက္ကန်းသမလေးကိုကိုယ်စားပြုတဲ့ အိုရီဟီမေ (Orihime) ကြယ်နဲ့ (လိုင်ယာကြယ်စုထဲက ဗီဂါ ကြယ်ကိုဆိုလို) နွားကျောင်းသားနတ်သားလေးကို ကိုယ်စားပြုတဲ့ ဟီကိုဘူရှီ (Hikoboshi) ကြယ် (အာကွီလာ ကြယ်စုထဲက အော်တာကြယ်ကိုဆိုလို) တို့ရဲ့ဇာတ်လမ်းဟာ တကယ်တော့ ဂျပန်လူမျိုးတွေနဲ့ပဲဆိုင်တဲ့ ရိုးရာပုံပြင် တစ်ပုဒ်မဟုတ်ပါဘူး။ ကိန္နရာချောင်းခြားသလိုကွဲကွာနေရတဲ့ ဒဏ္ဍာရီလာကြယ်တာရာချစ်သူတွေရဲ့ အလားတူ ဇာတ်လမ်းတွေကို တရုတ်ပြည်က ကွီရှီပွဲတော်နဲ့ ကိုရီးယားက ချီလ်ဆုခ်ပွဲတော်တွေမှာ လမ်းတခမ်းတနားနဲ့ ကျင်းပ တတ်ကြပါသေးတယ်။

ဂျပန်ဒဏ္ဍာရီအရတော့ အိုရီဟီမေဆိုတဲ့ အင်မတန်လက်ရာမြောက်တဲ့ နတ်ယက္ကန်းသမလေးနဲ့ ဟီကိုဘူရှီလို့ ခေါ်တဲ့ အလုပ်ကြိုးစားတဲ့ နွားကျောင်းသားနတ်သားလေးတို့ဟာ အချင်းချင်းချစ်ခင်စုံမက်ပြီး ထိမ်းမြားလက်ထပ်ခဲ့ကြ ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပျောက်မခံနိုင်လောက်အောင် ချစ်မြတ်နိုးလွန်းတာမို့ ပုံမှန်လုပ်နေကျတာဝန် ဝတ္တရားတွေ လစ်ဟင်းလာတဲ့အခါ အမျက်တော်ရှလာတဲ့ အိုရီဟီမေရဲ့ခမည်းတော်ဖြစ်သူ နတ်တို့သနင်းဧကရာဇ် မင်းကြီးက သူတို့နှစ်ဦးကို ကြယ်တာရာကောင်းကင်ကြီးရဲ့ တစ်ဖက်တစ်ချက်ဆီကိုပို့ပြီး နယ်နှင်ဒဏ်ပေးထားလိုက်ပါ တော့တယ်။

ဒါပေမယ့် သမီးတော်ဖြစ်သူ အိုရီဟီမေရဲ့ အလွမ်းနာသည်းလွန်းတာကြောင့် ခမည်းတော်ကြီးက သူတို့ချစ် သူနှစ်ဦးကို တာနာဘာတာပွဲတော်ညကျမှသာ တစ်နှစ်ကိုတစ်ကြိမ်တွေ့ဆုံဖို့ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် အဲဒီညဟာ ယက္ကန်းသမကြယ်လေးနဲ့ နွားကျောင်းသားကြယ်လေးတို့နှစ်ဦးသား အနီးကပ် ဆုံးတည်ရှိခွင့်ရတဲ့ညလို့ ဆိုကြပါတယ်။

ကောင်းကင်ဘုံက အဲဒီချစ်သူနှစ်ဦးရဲ့ နှစ်စဉ်ပြန်လည်ဆုံစည်းမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကမ္ဘာမြေပေါ်က လူတွေက တာနာဘာတာပွဲတော်ကို ကျင်းပလာခဲ့ကြပါတယ်။ တန်ဇာကူလို့ခေါ်တဲ့ စက္ကူချပ်လေးတွေပေါ်မှာ ဆုတောင်းစာလေးတွေရေးပြီး ဝါးပင်ရဲ့အကိုင်းအခက်တွေမှာ အလှအပအဖြစ်တန်ဆာဆင်ထားတဲ့ အခြားအရာလေး တွေနဲ့အတူချိတ်ဆွဲပြီး ကျင်းပကြတာပဲဖြစ်ပါတယ်။

အချစ်စစ်အတွက် တောင်းပေးခဲ့ရတဲ့ဆုတွေ ဘယ်လောက်များပြည့်ဝနိုင်မလဲဆိုတာ ဘယ်သူမှအသေအချာ မပြောနိုင်ပေမယ့် အခုပြောမယ့်ရုပ်ရှင်ဇာတ်လမ်း ၃ ခုထဲက အချစ်သူရဲကောင်းတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် အိုရီဟီမေ၊ ကိုယ်ပိုင်ဟီကိုဘိုရှီတွေအတွက် ဆုတောင်းစကားတွေကို တန်ဇာကူလေးတွေထဲမှာထည့်ရေးရင်း နှလုံး သားဒဏ်ရာကို ရင်ဆိုင်အံတုနေကြရပါတယ်။

၁။ ထာဝရ နိုဘာရာ (パーマネント野ばら), 2010

အိမ်ထောင်ကွဲတစ်ယောက်ဖြစ်သူ နာအိုကိုဟာ ငါးနှစ်အရွယ်သမီးလေးတစ်ယောက် တိုးလို့တွဲလောင်းနဲ့ ကျေးလက်ကဇာတိချက်မြှုပ်တောမြို့ကလေးဆီ ပြန်လာခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့အတူ နေထိုင်အခြေချရင်း အဲဒီမြို့က လေးရဲ့တစ်ခုတည်းသော ဆံပင်ညှပ်ဆိုင်ကလေးကိုဖွင့်လှစ်ပြီးတဲ့အခါ မြို့ထဲက ပျိုပျိုအိုအိုအမျိုးသမီးအားလုံးရဲ့ စုရပ် သဖွယ်ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးတွေခမျာမှာလည်း သူတို့ဘဝမှာ မကြေနပ်စရာတွေနဲ့ကြုံလာရတိုင်း အဲဒီဆိုင်က လေးမှာပဲ တစ်ဦးနဲ့တစ်ဦး အားပေးနှစ်သိမ့်ကြ၊ ပံ့ပိုးကူညီကြနဲ့ စခန်းသွားနေကြရတာမျိုးပေါ့။ သူတို့မကြေမနပ်ဖြစ်ရတဲ့ ကိစ္စတွေဆိုတာကလည်း တခြားမဟုတ်ပါဘူး။ အဖြီးအဖြန်းကောင်းပြီး မြာပွေတတ်တဲ့ မြို့ထဲကယောက်ျားတွေ အကြောင်းနဲ့ပဲ လုံးခြာလည်လိုက်နေကြတာမျိုးပေါ့။

နာအိုကိုရဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေဖြစ်တဲ့ မီချမ်းနဲ့ တိုမိုချန်တို့နှစ်ဦး သူတို့ကိုယ်ပိုင်နှလုံးသားရေး ကိစ္စတွေနဲ့ ဗျာများနေတဲ့အချိန်မှာပဲ နာအိုကိုကလည်း သူရဲ့ဆရာဟောင်းဖြစ်သူ ကာရှီမာနဲ့ အချစ်ဇာတ်လမ်းဟောင်း ကို ပြန်ရေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ချစ်သူနှစ်ဦးကြားမှာ အရာရာဟာ ပန်းခင်းသောလမ်းတော့ မဟုတ်ခဲ့ပါဘူး။ ဘာကြောင့် ကာရှီမာဟာ နာအိုကိုအပေါ်ကို အမြဲလိုလိုခြေရာဖျောက်သွားရတာလဲ။ နာအိုကိုကရော အမှန်တရားကို ရင်ဆိုင်နိုင်စွမ်းရှိပါ့မလား။

သရုပ်ဆောင်။:မီဟိုကန်နို (Miho Kanno), ယိုဆုကေ အီဂူချီ (Yosuke Eguchi), အီကိုကွိုက်ကေ (Eiko Koike)
ဒါရိုက်တာ။:ဒိုင်ဟာချီ ယိုရှီဒါ (Daihachi Yoshida)

၂။ အချစ်မှတစ်ပါး (愛がなんだ), 2019

တာရူကိုအဖို့တော့ မာမိုရူနဲ့ဆုံတွေ့ရတာဟာ ဘဝရဲ့အလှည့်အပြောင်းတစ်ခုလို့ဆိုရမလိုပါပဲ။ အရူးအမူး ချစ်မိသွားပြီးတဲ့နောက် ဆွတ်ပျံ့ကြည်နူးဖွယ်အတိလို့ သူမယုံကြည်နေမိတဲ့ အချစ်ဇာတ်လမ်းမှာ ဘဝနဲ့နှလုံးသားကို ပုံအပ်ဖို့ကြိုစားရင်း တစ်ဘက်မှာ အလုပ်အကိုင်နဲ့ သူငယ်ချင်းတွေအပေါ် လျစ်လျူရှုခဲ့မိပါတယ်။ ကံမကောင်းရှာတဲ့ သူမက ခံစားချက်ဆိုတာ နှစ်ဦးနှစ်ဘက်ဖြစ်တည်ရတဲ့အရာမျိုးဆိုတာ မသိခဲ့သလို မာမိုရူက သူ့သဘောနဲ့သူ တာရူကို ရဲ့ဘဝထဲကထွက် ပြေးသွားတဲ့အခါမှာတော့ တာရူကိုတစ်ယောက် နာကျင်ခံခက်နဲ့ ဝေခွဲမရဖြစ်ရင်းကျန်ရစ်ခဲ့ပါတော့ တယ်။ အမြဲ မာမိုရူအတွက်ပဲ ဦးစားပေးခဲ့တာကြောင့် အလုပ်လက်မဲ့ပါဖြစ်သွားရတယ်ဆိုတာကိုတော့ ဒီနေရာမှာ ထည့်ပြောဖို့တောင် မကောင်းတော့ဘူးပေါ့လေ။

လနဲ့ချီကြာပြီးတဲ့နောက် မာမိုရူက တာရူကိုရဲ့ဘဝထဲ ပြန်ပေါ်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ သူ့ထက် အသက်ပိုကြီးတဲ့ အချစ်သစ်တစ်ယောက်နဲ့ပေါ့လေ။ ဆူမီရေလို့ခေါ်တဲ့ ဒီအမျိုးသမီးက ပန်းရောင်ဆိုးထားတဲ့ဆံပင်၊ အပျံစား ဝတ်စားဆင်ယင်မှုတွေနဲ့ဆိုတော့ တာရူကိုတစ်ယောက် အံ့သြမှင်သက်ရင်း မနှစ်မြို့ခဲ့တာတော့အမှန်ပါပဲ။ ဒါပေမယ့် ဆူမီရေက သူမနဲ့အတူ ကံကောင်းခြင်းတွေဆောင်ကြဉ်းလာခဲ့တယ်လို့ဆိုရမှာပါပဲ။ အကြောင်းကတော့ ဆူမီရေဆိုတဲ့ အမျိုးသမီးက သူနဲ့မာမိုရူတို့ရဲ့ အချစ်ဇာတ်လမ်းကို ပေါ့ပျက်ပျက်လောက်သာ သဘောထားတဲ့သူဆို တော့ မာမိုရူအတွက် သိပ်ကိုလိုအပ်နေတဲ့ အချစ်ဆေးတွေ တနင့်တပိုး တိုက်ကျွေးသွားတာကြောင့်ပါပဲ။

သရုပ်ဆောင်။:ယူကီနိုကီရှီ (Yukino Kishii), ရိုင်ယို နာရီတာ (Ryo Narita), မိုင် ဖူကာဂါဝါ (Mai Fukagawa)
ဒါရိုက်တာ။:ရီကီယာ အီမိုင်ဇူမီ (Rikiya Imaizumi)

၃။ အကြိမ်တစ်ရာမြောက် ချစ်ခွင့်ပန်ခြင်း (君と100回目の恋), 2017

အွိုင်တစ်ယောက် ရီကူနဲ့သိကျွမ်းခဲ့တဲ့ကာလတစ်လျှောက်လုံး ရီကူက လုံးဝပြည့်စုံကောင်းမွန်အောင် မလုပ် နိုင်ခဲ့တဲ့အခါရယ်လို့ တစ်ခါလေးလောက်တောင်မရှိတာကို သတိထားမိခဲ့ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ ရီကူမှာ လျှို့ဝှက်ချက်တစ်ခုရှိထားတာကြောင့်ဖြစ်ပြီး အဲဒါကတော့ သူက အချိန်တွေကို နောက်ပြန်ဆုတ်နိုင်တဲ့အစွမ်း ရှိနေတာပဲဖြစ်ပါတယ်။

အခုလို ကောလိပ်ကျောင်းသူကြီးတစ်ယောက်အဖြစ်အရွယ်ရောက်လာတဲ့ အွိုင်တစ်ယောက် သူမမွေးနေ့ပွဲ မှာ ဆိုးဆိုးရွားရွား မတော်တဆမှုကြီးတစ်ခုထဲပါဝင်ပတ်သက်မိတဲ့အခါမှာတော့ ဆောက်တည်ရာမရဖြစ်နေတဲ့ ရီကူ လည်း အချိန်နာရီကို နောက်ပြန်လှည့်ပေးခဲ့ပါတော့တယ်။ အဲဒီလိုပြန်လှည့်လိုက်တာကြောင့် အွိုင်ဟာ သူမဘဝရဲ့ တစ်ပတ်စာအချိန်ကို ပြန်လည်နေထိုင်ဖြစ်ခဲ့ပါတယ်။ ရီကူအနေနဲ့လည်း တစ်ခြားရွေးစရာလမ်းမရှိတာကြောင့် သူ့လျှို့ ဝှက်ချက်ကို ထုတ်ပြောခဲ့ရပါတော့တယ်။ အဲဒီအခါ ထွက်ပေါ်လာတဲ့အမှန်တရားက ဒီတစ်ခုတည်းတင်မဟုတ်တော့ဘဲ ရီကူရော အွိုင်ပါ တစ်ဦးကိုတစ်ဦး လေးနက်တဲ့ခံစားချက်တွေ မျိုသိပ်ထားကြတယ်ဆိုတာပါ ပေါ်ပေါက်သွားပါတော့ တယ်။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးသား တစ်ဦးနဲ့တစ်ဦးမေတ္တာမျှနေကြရင်း တစ်ရက်ထက်တစ်ရက် အွိုင်ရဲ့မွေးနေ့ကျင်းပရမယ့်နေ့ကို ရောက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ဦးသား အွိုင်ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ကြမ လား ဒါမှမဟုတ် သူမရဲ့ကံကြမ္မာက တရားသေသတ်မှတ်ထားပြီးသားလား ဆိုတာကိုတော့..

သရုပ်ဆောင်။:မီဝါ (Miwa), ကန်တာရို ဆာကာဂူချီ (Kentaro Sakaguchi), ရိုင်ယို ယူဆိုင် (Ryo Ryusei)
ဒါရိုက်တာ။:ရှို ဆူကီကာဝါ (Sho Tsukikawa)

အစပိုင်းမှဖော်ပြခဲ့တဲ့ ကောင်းကင်ဘုံက တာနာဘာတာ ချစ်သူနှစ်သူဦးလိုပါပဲ အခုရုပ်ရှင်ဇာတ်လမ်းတွေထဲ က ကျွန်မတို့ရဲ့ဇာတ်ကောင်တွေဟာလည်း သူတို့စိတ်ဆန္ဒရှိတဲ့အတိုင်း ထုတ်ဖော်ခွင့်မရကြရှာဘဲ အချစ်ဆိုတာ သုခ ရိပ်မြုံဖြစ်နေနိုင်သလို၊ သောကမီးလျှံလည်းဖြစ်နေနိုင်တယ်ဆိုတာကို လှစ်ဟပြနေကြပါတယ်။ (တစ်ခါတစ်လေတော့) အချစ်ဆိုတာ ပူလောင်စပ်ရှားတတ်တဲ့အရာမျိုးဖြစ်နေတယ်ဆိုရင်တောင်မှ နာကျင်ခံခက်မှုကိုအလေးမမူဘဲ အခြား တစ်ဘက်မှာ ပေါ်ပေါက်လာနိုင်စရာရှိတဲ့အလှတရားအတွက် ကျွန်မတို့ရဲ့မျှော်လင့်ချက်တွေကို ထာဝရစွဲကိုင်ထားကြရ တာမျိုးမဟုတ်လား။

ဟယ်လင် လန်းဂ်ဖော့ဒ်-မက်ဆူအီ (Helen Langford-Matsui) ရေးသားသည်

RECOMMEND POSTS

ページトップへ