TOP > ALL > GENERAL > ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်ကား ၁၀ ကား
GENERAL

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်ကား ၁၀ ကား

ဆယ်စုနှစ်တစ်ခုရဲ့အဆုံးသတ်ဟာ ဂျပန်ရုပ်ရှင်ခံစားမှုကို အမြင့်ဆုံးဖြစ်စေမယ့် အခါသမယလို့ ဆိုချင်ပါတယ်။

၂၀၁၉ ခုနှစ်ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဂျပန်ရုပ်ရှင်ပွဲတော်မဂ္ဂဇင်း အယ်ဒီတာတွေအနေနဲ့ ဒီတစ်နှစ် လုံးမှာ ထွက်ရှိခဲ့သမျှဇာတ်ကားတွေထဲက ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို၊ ရုပ်ရှင်ရိုက်ကူး ဖန်တီးမှုပိုင်းမှာ ပြောင် မြောက်ပြီး သရုပ်ဆောင်အပိုင်းမှာလည်း အပြစ်ဆိုစရာမရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည်ကြည့်ရှုသုံးသပ်ဖြစ် ခဲ့ကြပါတယ်။ ဒီနှစ်ကတော့ ချစ်ခြင်းမေတ္တာ၊ ဆုံးရှုံးမှု၊ ရာသီဥတုအပြောင်းအလဲ၊ စီးပွားရေးအရှုပ်တော်ပုံ၊ ဘဝ လမ်းပေါ်ကဒွိဟအခြေအနေနဲ့ ရွေးချယ်စရာတွေ စတဲ့အကြောင်းအရာပေါင်းစုံကို ဖော်ကျူးထားတဲ့ ဇာတ်လမ်း ကောင်းတွေ ထွက်ရှိခဲ့တဲ့နှစ်လို့ ဆိုရပါမယ်။ ဒါတင်မကသေးပါဘူး၊ အံသြမင်သက်လောက်တဲ့ ရိုက်ချက်တွေ၊ အဝတ်အစားအပြင်အဆင်တွေ၊ သရုပ်ဆောင်မှုတွေ၊ ရိုက်ကူးရေးအတတ်ပညာတွေကြောင့် ကျွန်တော်တို့မျှော်လင့် ခဲ့တာထက်ပိုတဲ့ နှစ်တစ်နှစ်လို့ဆိုရင်လည်း မမှားပါဘူး။ အောက်မှာဖော်ပြပေးမယ့် ဇာတ်ကားတွေကတော့ ၂၁ ရာစု ရဲ့ ဒုတိယဆယ်စုနှစ်ပြီးဆုံးချိန်မှာ ဂျပန်ရုပ်ရှင်သမိုင်းကြောင်းကို အင်အားကောင်းကောင်းနဲ့ဖော်ကျူးပေးခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ကျွန်တော်တို့က ရုပ်ရှင်လောကရဲ့ “အားကောင်းတဲ့ ၂၀ မျဉ်းပြိုင်” ထဲကို ချဉ်းနင်းဝင် ရောက်လာတာဖြစ်တဲ့အတွက် ဂျပန်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်သမျှ ခံယူချက်သဘောထားတွေဟာလည်း အကောင်းဘက်ကို ဦးတည်ပြောင်းလဲလာပြီး ကျွန်တော်တို့ကို အရင်လိုပဲစိတ်ရောကိုယ်ပါ နှစ်မြုပ်ထားချင်လောက် အောင်စွမ်းဆောင်ထားနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်။ ကဲ…ဒီတော့ နောက်ထပ်ရှည်ရှည်ဝေးဝေးတွေ ပြောမနေ တော့ဘဲ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့သမျှ ဂျပန်ရုပ်ရှင်ဇာတ်ကားတွေထဲက အကောင်းဆုံး ၁၀ ကားကို ရှုစားကြည့်ကြ ပါဦး။

1. Weathering with You (天気の子)

ဒီစိတ်ကူးယဉ် အန်နီးမေးရှင်းဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ မာကိုတို ရှင်ကိုင်က သူ့ရဲ့အရင်ဇာတ်ကား လည်းဖြစ်ခဲ့တဲ့ ဒီကားထဲက အကောင်းဆုံးအပိုင်းတွေကိုယူပြီး လုံးဝပဉ္စလက်ဆန်ဆန် ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ ဒီ (Weathering With You) ဇာတ်ကားဟာဆိုရင် ကမ္ဘာပျက်လုနီးဖြစ်နေတဲ့ ကာလတစ်ခုကို ဇာတ်အိမ် တည်ထားပြီး အထက်တန်းကျောင်းတစ်ကျောင်းက လူသစ်ကလေး ဟိုဒါကာ မိုရီရှီမာနဲ့ မိဘမဲ့တစ်ဦးဖြစ်သူ ဟီနာ အာမာနိုတို့ရဲ့ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟီနာက ရာသီဥတု တွေကို ထိန်းချုပ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ရော့ခ် တေးဂီတအဖွဲ့ဖြစ်တဲ့ (Radwimps) ကိုယ်တိုင်သီကုံးထားတဲ့ နောက်ခံတေးဂီတတွေကြောင့် ဒီဇာတ်လမ်းက ပြောပြ ချင်တဲ့ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ၊ ဆုံးရှုံးမှုနဲ့ မျှော်လင့်ချက်စတဲ့ အကြောင်းအရာတွေကို အကောင်းဆုံး ပုံဖော် ပေးသွားနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ (Weathering With You) ဆိုတဲ့ဇာတ်ကားဟာလည်း ၂၀၁၉ ခုနှစ်ရဲ့ အပေါက်ဆုံး ဂျပန်ရုပ်ရှင်ဇာတ်ကားတစ်ကားလို့ ဆိုရပါလိမ့်မယ်။

သရုပ်ဆောင်: Kotaro Daigo (ကိုတာရို ဒိုင်ဂို), Nana Mori (နာနာ မိုရီ)
ဒါရိုက်တာ: Makoto Shinkai (မာကိုတို ရှင်ကိုင်)

2. Kingdom (キングダム)

ယာဆူဟီဆာ ဟာရာရဲ့ (Kingdom) ရုပ်ပြကာတွန်းကိုအခြေခံထားတဲ့ ဒီဇာတ်ကားဟာဆိုရင် ရှေးယခင် ဂျပန်ပြည်မှာ စစ်မက်တွေထူပြောခဲ့တဲ့ (၁၄၆၇-၁၅၆၈) ကာလတစ်ဝိုက်ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက တကယ်ရှိခဲ့တဲ့ စစ်ဗိုလ်ချုပ် လီရှင်းက ရှေးဟောင်းတရုတ်ပြည်ကြီးကို သိမ်းပိုက်အနိုင်ယူပြီး နောင် မှာ ဧကရာဇ်ဖြစ်လာမယ့် ကွင်မင်းဆက်ကိုကူညီတိုက်ခိုက်ပေးခဲ့တဲ့အကြောင်းကို ကျောရိုးယူထားတယ် ဆိုပေမယ့် ဒီဇာတ်ကားထဲမှာတော့ ရှေးဟောင်းအစွမ်းထက်ပစ္စည်းတွေကို အသုံးချပြီး ထင်တိုင်းကြဲခဲ့ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဗွီဒီယိုဂိမ်း ဒီဇိုင်နာတစ်ဦးလည်းဖြစ်တဲ့ ဒီဇာတ်ကားရဲ့ဒါရိုက်တာ ရှင်ဆူကေဆာတိုကို သူ့ရဲ့စိတ်ကူးယဉ်/စွန့်စားခန်း အက်ရှင်ဇာတ်ကားတွေ ဖြစ်တဲ့ (Gantz) (2011) နဲ့ (Bleach) (2018) တို့ကြောင့် လူသိများခဲ့သလို အခုဒီ (Kingdom) ဇာတ်ကား မှာလည်း ဒါရိုက်တာဟာ သူရရှိခဲ့ပြီးသားအောင်မြင်မှုမှာ မိန်းမောမနေဘဲ ဆက်လက်ကြိုးစားအားထုတ် ထားတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ သမိုင်းအမှန်တိုင်းတသွေမတိမ်းတင်ပြတတ်တဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင် ကားတစ်ကားဆိုတာထက် အသွေးအရောင်စုံလင်တဲ့ ဆန်းဆန်းပြားပြားဝတ်စားဆင်ယင်ပုံတွေ၊ စိတ်လှုပ် ရှားဖွယ် အက်ရှင်ဇာတ်ဝင်ခန်းတွေ၊ အရမ်းလှသလောက်တီထွင်ဖန်တီးမှုအားကောင်းတဲ့ ဆက်တင်တွေ နဲ့ ဝေဝေဆာဆာရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့သမျှ အကောင်းဆုံးဂျပန်ရုပ်ရှင်ဇာတ်ကားထဲက တစ်ကားပါလို့ပြောရင် လွန်အံ့မထင်ပါဘူး။

သရုပ်ဆောင်: Kento Yamazaki (ကန်တို ယာမာဇာကီ), Ryo Yoshizawa (ရိုင်ယို ယိုရှီဇာဝါ)
ဒါရိုက်တာ: Shinsuke Sato (ရှင်ဆူကေ ဆာတို)

3. Masquerade Hotel (マスカレード・ホテル)

မြို့တော်ထဲမှာ လူသတ်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာပြီးတဲ့နောက် စုံထောက်တစ်ဦးဖြစ်သူ ကိုဆူကေနစ်တာ (Kosuke Nitta) က နောက်ထပ် လူသတ်မှုတစ်ခုဟာ တိုကျိုက ထိပ်တန်းဟိုတယ်ဖြစ်တဲ့ (Hotel Cortesia) မှာ ထပ်ဖြစ်ဖို့တာဆူနေတယ်ဆိုတာ သတိထားမိသွားပါတယ်။ ဒါနဲ့ပဲ ဟိုတယ်ရှေ့က ကောင်တာစားပွဲမှာ အယောင်ဆောင်ဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သုန်သုန်မှုန်မှုန် နေတတ်တဲ့စရိုက်ကြောင့် ဧည့်သည်တစ်သိုက်နဲ့လာတဲ့ သူ့အထက်အရာရှိဖြစ်သူ နာအိုမီ ယာမာဂရှီ နဲ့ မထင်မှတ်ဘဲ ခေါင်းချင်းဆိုင်တိုက်မိသွားပါတော့တယ်။ သူ့အထက်အရာရှိ နာအိုမီဆိုတာက ကိုဆူကေကို သူ့ရဲ့ထောင့်မကျိုးတဲ့အချိုးတွေကို ပြောင်းဖို့အမြဲသွန်သင်ပေးနေတဲ့သူဖြစ်တာကြောင့် သည်းထိတ်ရင်ဖိုလူသတ်မှု ကို လိုက်နေတဲ့ဇာတ်လမ်းဟာ ဂျပန်လို “အိုမိုတီနာရှီ” လို့ခေါ်တဲ့ ပျူငှာယဉ်ကျေးတဲ့အတတ်ပညာကို သင်ကြား ပေးရာ သင်ခန်းစာတစ်ရပ် ဖြစ်သွားရပြန်ပါတယ်။ အဲဒီလို ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပြုမူတတ်ကြောင်း ပြတဲ့ “အိုမိုတီနာရှီ” ဆိုတဲ့ စကားလုံးဟာ တိုကျိုကို ၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲတွေကျင်းပမယ့်နေရာအဖြစ် ရွေးချယ်လိုက်ရာကစပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ စကားလုံးလည်းဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွေဖန်တီးတဲ့ နေရာမှာ ဆရာတစ်ဆူလို့ပြောရမယ့် ကိုင်ဂို ဟီဂါရှီနိုရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ပြုံးရယ်ချင်စရာ သရုပ်ဆောင်တွေနဲ့ ဇာတ်ပို့အသီးသီးရဲ့ အဖက်ဖက်က ပံ့ပိုးပေးမှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ (Masquerade Hotel) ဇာတ်ကားဟာ စိတ်ဝင်စားစရာ ဇာတ်အိမ် အလှည့်အပြောင်း၊ ရယ်စရာအခန်းတွေနဲ့ ပညာပေးရသတွေကို တစ်ပြိုင်နက်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။

သရုပ်ဆောင်: Takuya Kimura (တာကူယာ ကီမူရာ), Masami Nagasawa (မာဆာမီ နာဂါဆာဝါ)
ဒါရိုက်တာ: Masayuki Suzuki (မာဆာယူကီ ဆူဇူကီး)

4. Fly Me to the Saitama (翔んで埼玉)

အစပထမတုန်းက ဂျပန်ပရိတ်သတ်တွေအတွက်ပဲ ရည်ရွယ်ထားတဲ့ (Fly Me to the Saitama) ဇာတ်လမ်း ကို ရုပ်ရှင်ဇာတ်ကားဖြစ်လာအောင်ရိုက်ကူးရတာ လွယ်လှတာတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂျပန်လူ မျိုးမဟုတ်တဲ့ နိုင်ငံခြားသားတွေလိုက်မမှီနိုင်တဲ့ ပြည်တွင်းဖြစ်ဟာသတွေ ဖောဖောသီသီပါနေလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရဲ့အဓိကကျောရိုးကတော့ တိုကျိုသားတွေက သူတို့မြို့အနီးက စိုင်းတမား နယ်သားတွေကို အထင်သေးအမြင်သေးဖြစ်နေရာကနေ ရွေးချယ်မှုလေးတွေမှန်ကန်သွားတာကြောင့် အားလုံးသာတူညီမျှ အရည် အသွေးကိုယ်စီရှိကြောင်း လက်ခံသွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ လက်တွေ့နဲ့လုံးလုံးကွဲထွက်နေတဲ့ ရေဒီယို ဒရာမာ အသံ ဇာတ်လမ်းအဖြစ် စတင်ခဲ့တဲ့ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေဟာဆိုရင် အော်ပရာဇာတ်ရုံထဲကလို ကာဘူကီ အဝတ်အစားအပြင်အဆင်တွေကို ကိုးရိုးကားရားဝတ်ဆင်ကြပြီး သူတို့ထက်အဆင့်နိမ့်တဲ့ နင်းပြား စိုင်းတမား နယ်သားတွေကိုတော့ သူတို့မြို့တော်ထဲဝင်ဖို့ အထူးဗီဇာတွေနဲ့မှ ဝင်ခွင့်ပြုကြသူတွေဖြစ်ပါသတဲ့။ ဒီလောက် ကမောက်ကမ ဖြစ်တတ်လွန်းတဲ့လောကကြီးထဲမှာ တိုကျို-စိုင်းတမား ကိစ္စဟာ သူ့မူရင်းဂျပန်နိုင်ငံ လောက်နဲ့ပဲဆိုင်တဲ့ အရေးကိစ္စ မဟုတ်တော့ဘဲ လူသူအရောက်အပေါက်နည်းတဲ့ ကျေးတောလိုနေရာမျိုးက တက် လာရပြီး အပေါ်စီးနဲ့ဆက်ဆံခံရတဲ့ မည်သူ့ကိုမဆို ရင်ထဲထိရောက်စေမယ့်ဇာတ်လမ်းလို့ ဆိုရပါလိမ့်မယ်။ (Thermae Romae) လိုဇာတ်ကားမျိုးကို ရိုက်ထားတဲ့ ဒါရိုက်တာဖြစ်သူ ဟီဒေကီ တာကေအူချီရဲ့ ဇာတ်ကား ဆိုမှတော့ ဒီ (Fly me to the Saitama) ဇာတ်ကားဟာလည်း ပရိတ်သတ်တို့မျှော်လင့်ထားတဲ့အတိုင်း ဇာတ်ရှိန် မြင့်မြင့် ဇာတ်အိမ်ကောင်းကောင်းနဲ့မို့ ကြည့်ရှုသူတွေကို အစကနေအဆုံးထိ မထတမ်း ဆွဲခေါ်သွားမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။

သရုပ်ဆောင်: Fumi Nikaido (ဖူမီ နီကိုင်ဒို), Gackt (ဂတ်ထ်)
ဒါရိုက်တာ: Hideki Takeuchi (ဟီဒေကီ တာကေအူချီ)

5. The Confidence Man JP (コンフィデンスマンJP)

အင်မတန်လည်တဲ့ လူလိမ်အနုပညာရှင်အဖွဲ့ရဲ့ ခေါင်းဆောင် ဒါကို အဖြစ် မင်းသမီးချော မာဆာမီ နာဂါဆာဝါ ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ (The Confidence Man JP) ဇာတ်ကားဟာဆိုရင် အလားတူနာမည်နဲ့ပဲ ပရိတ်သတ်တွေကြား တော်တော်လေးပေါက်ခဲ့တဲ့ တီဗွီရှိုးတစ်ခုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က ဂိုဏ်းတွေတော်တော်များများက ဒုစရိုက်ထိပ်သီးသူဌေးကြီး တစ်ဦးဆီက စိန်ကိုခိုးဖို့ကြိုးစားတဲ့အကြောင်းပါပဲ။ မူရင်းရုပ်သံဇာတ်လမ်းကို ပေါက်စေခဲ့တဲ့ ဇာတ်လမ်းဇာတ်ကွက် တွေကို ဒီရုပ်ရှင်ဇာတ်ကားမှာ ပြန်တွေ့နိုင်မှာဖြစ်သလို ရုပ်ရှင်နဲ့လိုက်အောင် ဖန်တီးချဲ့ထွင်ထားရတာလေးတွေကို လည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဆုကြေးငွေတွေကပိုမြင့်လာ၊ သရုပ်ဆောင်ချက်တွေက ပိုပြီးအားပါလာသလို၊ လူလိမ် အဖြစ် သရုပ်ဆောင်ရသူတွေကလည်း ပိုပြီးဉာဏ်များလာကြတာကို တွေ့ကြရမှာပါ။ ဒါတင်မကသေးပါဘူး ဒါကို့အကြောင်း မသိသေးတဲ့ ပရိတ်သတ်အသစ်တွေအတွက်လည်း ဒီရုပ်ရှင်က ဆွဲခေါ်သွားနိုင်မှာဖြစ်တာကြောင့် ပင်မဇာတ်လိုက်ကျော်ဖြစ်တဲ့ ဒါကိုရဲ့ကိုယ်ရည်ကိုယ်သွေး နေပုံထိုင်ပုံတွေကို ဇာတ်လမ်းရဲ့ ပထမ မိနစ်အနည်းငယ် အတွင်းမှာပဲ အမီလိုက်နိုင်မှာဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းပြီး အမျိုးသမီးဇာတ်လိုက်ဦးဆောင်တဲ့ လုယက် တိုက်ခိုက်တဲ့ကားမျိုးကို ကြည့်ချင်ပါတယ်ဆိုရင်တော့ (The Confidence Man JP) အပြင် တစ်ခြားမရှိတော့ပါဘူး။

သရုပ်ဆောင်: Masami Nagasawa (မာဆာမီ နာဂါဆာဝါ), Masahiro Higashide (မာဆာဟီရို ဟီဂါရှီဒေ)
ဒါရိုက်တာ: Ryo Tanaka (ရိုင်ယို တာနာကာ)

6. Ossan’s Love: Love or Dead (おっさんずラブ LOVE or DEAD)

(Ossan’s Love) ဆိုတဲ့ ရုပ်သံဇာတ်လမ်းရဲ့အဆက်ဖြစ်တဲ့ ဒါရိုက်တာ တွိုင်ချီရို ရူတို ကိုယ်တိုင်ရိုက်ကူး ထားတဲ့ ဒီဇာတ်ကားဟာဆိုရင်တော့ ဂျပန်ရုပ်ရှင်ဇာတ်လမ်းတွေမှ တွေ့မြင်နေကြမဟုတ်တဲ့ လိင်တူနှစ်သက်ကြသူ တွေအကြောင်းကို ကြည့်ချင်စဖွယ်ဖြစ်အောင် ဟာသနှောပြီး ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တော့ ကိုင်တာနာကာက အချစ်ရေးမှာကံခေတတ်တဲ့ ရုံးဝန်ထမ်းလေး ဟာရူတာအဖြစ် သရုပ်ထားပြီး သူ့ဘဝသရုပ် မှန်ဖြစ်တဲ့ လိင်တူနှစ်သက်စွဲလမ်းမှုကို လက်ခံလိုက်ပြီးတဲ့နောက်ပိုင်းမှာ သူ့ရုံးက လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မာကီနဲ့ သာယာမှုကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ထင်မှတ်မထားတာတွေလည်း ဖြစ်တတ်တယ်ဆိုတဲ့အတိုင်း သူ့အဖော် မာကီတစ်ယောက် ရုံးချုပ်ကိုရွှေ့ပြောင်းသွားရတဲ့အခါမှာတော့ ဟာရူတာရဲ့ အဆက်ဟောင်းဖြစ်ပြီး ရုတ်တရက်အတိတ်မေ့ရောဂါရသွားတဲ့ သူ့သူဌေး ကူရိုဆာဝါဟာ သူ့အဖော်ဖြစ်သူနဲ့ ချစ်ကြိုးသွယ်ကြပြန်ပါတော့ တယ်။ ဒီ (Ossan’s Love) ဆိုတဲ့ဇာတ်ကားဟာဆိုရင် အလှည့်အပြောင်းမြန်သလောက် ကြည့်ချင်စရာဖြစ်အောင် ရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေးဖြစ်တာကြောင့် လိင်တူနှစ်သက်မှုနဲ့ ပတ်သက်ပြီး ဂျပန်ရုပ်ရှင်လောကကို လှုပ်နှိုးပေးလိုက်တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။

သရုပ်ဆောင်: Kei Tanaka (ကိုင် တာနာကာ), Kento Hayashi (ကန်တို ဟာယာရှီ), Kotaro Yoshida (ကိုတာရို ယိုရှီဒါ)
ဒါရိုက်တာ: Toichiro Ruto (တွိုင်ချီရို ရူတို)

7. Hit Me Anyone One More Time (記憶にございません!)

မိန့်ခွန်းတစ်ခုပြောနေတုန်း ဘယ်ကရောက်လာမှန်းမသိတဲ့ ခဲလုံးတစ်ခုက ခေါင်းကိုလာထိပြီးနောက်မှာ တော့ အရင်က လူကြိုက်မများသေးတဲ့ ဂျပန်ဝန်ကြီးချုပ်ဖြစ်သူ ကိုင်ဆူကေ ကူရိုဒါဟာ မှတ်ဉာဏ်ဟောင်းတွေ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ သူ့အတွင်းရေးမှူးတွေက ဒီအကြောင်းကို တစ်ကမ္ဘာလုံးမသိအောင် လျှို့ဝှက် ထားဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်ဆိုးထဲကနေ ကောင်းတဲ့အချက်ကလေးကလည်း ရှိတယ်လို့ဆိုနိုင်ပါ တယ်။ အဲဒါကတော့ အတိတ်မေ့သွားတဲ့ ဝန်ကြီးချုပ် ကူရိုဒါဟာ အရင်ကလိုပုံစံမဟုတ်တော့ဘဲ ရုတ်တရက် ဆိုသလို တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်း လုပ်ပေးချင်စိတ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ နိုင်ငံရေး ဘာညာ သာရကာတွေကို ဘေးခဏဖယ်ထားလိုက်ပြီး ဒီဇာတ်ကားလေးကပေးချင်တဲ့ သတင်းစကားကတော့ လူတိုင်း လူတိုင်းဟာ ဘဝမှာ ဒုတိယအကြိမ်ကြိုးစားဖို့ အခွင့်အရေးရှိထားတယ်ဆိုတာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းကို ရယ်စရာလည်းဖြစ်၊ အူတိအူကြောင်ပုံစံမျိုးလည်းဖြစ်အောင် တစ်ခါခါ ဟာသအကြမ်းစားတွေနဲ့ ပုံဖော်ပေးထားပါ သေးတယ်။ ဒါရိုက်တာဖြစ်သူ ကိုကီ မီတာနီက ဒီလိုသူပေးချင်တဲ့ သတင်းစကားကို ပရိတ်သတ်တွေဆီ ရောက် အောင် ဟာသပြက်လုံးတွေ တစ်ခုပြီးတစ်ခု ဖန်တီးပြီး ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပုံဖော်ထားပါတယ်။

သရုပ်ဆောင်: Kiichi Nakai (ကိုင်ချီ နာကိုင်) , Dean Fujioka (ဒီးန် ဖူဂျီအိုကာ)
ဒါရိုက်တာ: Koki Mitani (ကိုကီ မီတာနီ)

8. Mewtwo Strikes Back: Evolution (ミュウツーの逆襲 EVOLUTION)

“လူတစ်ဦးတစ်ယောက် ဘယ်လိုအခြေအနေမျိုးနဲ့ မွေးဖွားလာရတယ်ဆိုတာထက် ဘဝကနေ မိမိရထားတဲ့ လက်ဆောင်ကို ဘယ်လိုအသုံးချသွားတယ်ဆိုတာကသာ ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ ဆုံးဖြတ်ပေးနိုင်တဲ့အရာပဲ လို့ ငါကတော့ထင်တယ်။” ဒါက သြဇာအရှိန်အဝါကြီးတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ ပြောစကားလို့ ထင်စရာရှိပေမယ့် တကယ်တော့ ဒီစကားကို ၁၉၉၈ မှာ ပထမဆုံး အန်နီးမေးရှင်းရုပ်ရှင်အဖြစ်ထွက်ပေါ်ခဲ့တဲ့ ပိုကီမွန် မျူတူးရုပ်ရှင်ထဲက ပိုကီမွန်ဇာတ်ကောင်ကလေးကပြောခဲ့တာဖြစ်ပြီး အဲဒါကိုပဲ အင်္ဂလိပ်လို ဘာသာပြန်ထားတာဖြစ် ပါတယ်။ ဒီလို အမြဲအမှတ်ရနေလောင်အောင် ထိမိတဲ့စကားတွေပြောခဲ့တဲ့ ဇာတ်ကားဆိုတော့ အနှစ် ၂၀ ကြာခဲ့ပြီ ဖြစ်ပေမယ့် ၂၀၁၉ မှာ ဒီဇာတ်ကားကို ကွန်ပျူတာအန်နီမေးရှင်းအတတ်ပညာတွေနဲ့ ပြန်ပြီးအသက်သွင်းရတဲ့အခါ အံ့သြစရာမရှိတော့ပါဘူး။ မူရင်းဇာတ်အိမ်ကို သိသိသာသာ ပြောင်းလဲထားတာတွေမရှိဘူးဆိုပေမယ့် ခေတ်မှီလာတဲ့ စီဂျီအိုင် နည်းပညာကို အပြည့်အဝအသုံးချပြီး အရေးပါတဲ့ဇာတ်ဝင်ခန်းအချို့ကိုတော့ မွမ်းမံထားတာလေးတွေ ရှိပါ တယ် (ဥပမာ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ ဇာတ်ဝင်ခန်းလိုမျိုးပေါ့)၊ ဒါ့အပြင် ပရိတ်သတ်တွေရင်းနှီးပြီးသား ဇာတ်လမ်း ထဲကို အက်ရှင်တွေ၊ လှုပ်ရှားမှုတွေ၊ ဇာတ်ကောင်တွေ ထပ်အားဖြည့်ပေးထားပါသေးတယ်။ ဒါကြောင့်ပဲ ပရိတ်သတ် ဟောင်းကြီးတွေဖြစ်နေရင်တောင်မှ ဒီတစ်ခါထွက်ရှိလာတဲ့ ရုပ်ရှင်ကားကိုလည်း အသစ်တဖန်ပြန်လည်ခံစားရင်း အရင်လိုပဲ သဘောကျနှစ်ခြိုက်ကြဦးမှာမလွဲပါဘူး။

သရုပ်ဆောင်: Rika Matsumoto (ရီကာ မတ်ဆူမိုတို), Ikue Otani (အီကွေ အိုတာနီ)
ဒါရိုက်တာ: Kunihiko Yuyama (ကူနီဟီကို ယူယာမာ), Motonori Sakakibara (မိုတိုနိုရီ ဆာကာကီဘာရာ)

9. Whistleblower (七つの会議)

စီးပွားရေးလုပ်ငန်းတွေရဲ့အရှုပ်တော်ပုံဇာတ်လမ်းတွေနဲ့ပတ်သက်လာရင် ဆရာတစ်ဆူလိုပြောရမယ့် စာရေးဆရာ ဂျွန် အီကိုင်ဒိုရဲ့ ဝတ္ထုကိုအခြေခံထားတဲ့ ဒီ (Whistleblower) ဆိုတဲ့ဇာတ်ကားဟာဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ ကော်ပို ရိတ်ယဉ်ကျေးမှုအူတိုင်ကို မြေလှန်ထားပြီး တစ်ဖြေးဖြေး ဇာတ်ရှိန်မြင့်လာစေတဲ့ ဇာတ်ကားလို့ဆိုရပါမယ်။ ဇာတ်လမ်း ကတော့ အလယ်အလတ်စားကုမ္ပဏီငယ်တစ်ခုရဲ့ အတွင်းပိုင်းလည်ပတ်ပုံတွေနဲ့ လျှို့ဝှက်ချက်တွေကို အခြေခံထား ပြီး ရိုက်ကူးပုံဖော်ထားတာဖြစ်တဲ့အပြင် နောက်ထပ် ဒရာမာ မြှုပ်ကွက်လေးတွေကလည်း ဝေဝေဆာဆာနဲ့ပါဝင်အား ဖြည့်ထားပါသေးတယ်။ ရောင်းအားမပြည့်မှီတာကြောင့် အခြားဝန်ထမ်းတွေရှေ့မှာတင် တာဝန်မကျေတဲ့ဝန်ထမ်း တွေကို ကုမ္ပဏီသူဌေး ရင့်ရင့်သီးသီးကြိမ်းမောင်းတာမျိုးတွေ၊ တာဝန်ချိန်မှာ အလုပ်ကထွက်သွားတာကြောင့် ဝိုင်း ပြီးအကြဉ်ခံရတဲ့ဝန်ထမ်းတွေ စတဲ့ ဇာတ်ကွက်တွေဟာဆိုရင်တော့ ဒီဇာတ်ကားက ထုတ်ဖော်ပြလိုက်တဲ့ ဂျပန်နိုင်ငံ စီးပွားရေးအဝန်းအဝိုင်းထဲက လူသိနည်းသေးတဲ့ အမှောင်ဘက်ခြမ်းတွေပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊

ဇာတ်အိမ်ကိုအရှိန်မြင့်လာစေမယ့် မြုပ်ထားတဲ့ဇာတ်လမ်းလေးတစ်ခုကလည်း ရှိနေပါသေးတယ်။ ဒီဇာတ်ကားက ပရိတ်သတ်တွေကို မီးမောင်းထိုးပြချင်တဲ့အချက်ကတော့ ပညာတတ်လူတန်းစားတွေစုနေတယ်ဆိုတဲ့ ဂျပန်စီးပွား ရေးလောကမှာလည်း ခံစားချက်တွေကို ထိန်းကျောင်းနိုင်ခြင်းမရှိဘူးဆိုရင် စရိုက်ဆန်တဲ့ အတန်းအစားတွေလိုမျိုး ဖြစ်သွားတတ်တယ်ဆိုတာပါပဲ။ ဂျပန်နိုင်ငံရဲ့ သရုပ်ဆောင်အကောင်းဆုံး ဂန္တဝင်သရုပ်ဆောင်တွေပါဝင်အားဖြည့် ထားတဲ့ ဒီဇာတ်ကားဟာဆိုရင်လည်း ယခုနှစ်အတွက် အရေးအပါဆုံးနဲ့ သွေးထွက်အောင်မှန်တဲ့ ဇာတ်ကားကောင်း တစ်ကားလို့ ဆိုချင်ပါတယ်။

သရုပ်ဆောင်: Mansai Nomura (မာနာဆိုင် နိုမူရာ, Teruyuki Kagawa (တေရူယူကီ ကာဂါဝါ), Mitsuhiro Oikawa (မစ်ဆူဟီရို အွိုင်ကာဝါ)
ဒါရိုက်တာ: Katsuo Fukuzawa (ကတ်ဆူအို ဖူကူဇာဝါ)

10. The Great War of Archimedes (アルキメデスの大戦)

ဒုတိယကမ္ဘာစစ်မဖြစ်ခင် ကာလအနည်းငယ်အလိုမှာပဲ တည်ဆောက်ပြီးစီးသွားတဲ့ ဂျပန်စစ်သင်္ဘော ယာမာတိုဟာ အဲဒီမတိုင်ခင်က တည်ဆောက်ခဲ့သမျှ သင်္ဘောတွေထဲမှာ အင်အားအကောင်းဆုံး စစ်သင်္ဘောတစ်စီး ဖြစ်ပြီး 72,800 တန် အလေးချိန်ရှိတာကြောင့် တန်ချိန်အလေးဆုံးသင်္ဘောတစ်စီးလည်းဖြစ်ခဲ့ပါတယ်။ ဒီ (The Great War of Archimedes) ဆိုတဲ့ဇာတ်ကားဟာ အဲဒီဧရာမစစ်ရေယာဉ်ကြီးကို တည်ဆောက်ခဲ့တဲ့အကြောင်းကို ဇာတ် အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီတုန်းက တကယ်ပါဝင်တည်ဆောက်ခဲ့တဲ့ သင်္ချာပါရမီရှင် မာဆာကီဆူဒါရဲ့ အမြင်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကို ပိုပြီးစိတ်ဝင်စားစရာကောင်းသွားစေတာက ဒီစစ်သင်္ဘောကြီး တည်ဆောက်တဲ့နေရာမှာ ကုန်ကျစရိတ်နဲ့ပတ်သက်လို့ အရှုပ်တော်ပုံတွေရှိခဲ့တဲ့အကြောင်းကို သည်းထိတ်ရင်ဖိုပုံစံမျိုးနဲ့ ရိုက်ကူးပုံဖော်ထားလို့ပဲဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်အပေါ်မှာ ဒီလိုစိတ်ကူးယဉ် ဇာတ်အိမ်မျိုး ပေါင်းစပ်ပုံဖော်ထားလိုက်တဲ့အခါ ဒီရုပ်ရှင်ဟာဆိုရင် ပရိတ်သတ်တွေကို စစ်အနိဋ္ဌာရုံတွေဆီကနေ ပညာသားပါပါ ဆွဲခေါ်သွားပြီး တကယ်ရှိခဲ့ဖူးတဲ့ သေမင်းတမန် စစ်ရေယာဉ်ကြီးကို တည်ဆောက်ခဲ့တဲ့ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါး နှစ်ခြိုက်ခံစားနိုင်ကြမှာဖြစ်ပါတယ်။ ဒီလောက်နဲ့ပဲ လုံလောက်ပြီလို့ဆိုရင် မမှားနိုင်ပါဘူး။

သရုပ်ဆောင်: Masaki Suda (မာဆာကီ ဆူဒါ), Hiroshi Tachi (ဟီရိုရှီ တာချီ)
ဒါရိုက်တာ: Takashi Yamazaki (တာကာရှီ ယာမာဇာကီ)

အခုပြောခဲ့တဲ့ အထဲက ဇာတ်ကားတွေအားလုံးကို ကြည့်ပြီးသွားပြီဆိုရင် ၂၀၁၉ ခုနှစ် ဂျပန်ရုပ်ရှင်တွေထဲ က သင်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားက ဘာများဖြစ်မလဲဆိုတာ ပြောပြပါဦး။ သင့်နိုင်ငံမှာပြသပေးမယ့် နောက်ထပ် ဂျပန်ရုပ်ရှင်ပွဲတော်တွေရဲ့ နေ့ရက်တွေ၊ နေရာတွေနဲ့ ရုပ်ရှင်အချိန်ဇယားတွေကို သိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Cezary Strusiewicz ရေးသားသည်။

RECOMMEND POSTS

ページトップへ