TOP > ALL > GENERAL LIFESTYLE TRAVEL > “ဘယ်တောင်မှ အဲ့လောက်မမြင့်ဘူးမို့လား” တောင်တန်းများနေ့အတွက် ဇာတ်လမ်းသုံးပုဒ်။
GENERAL
LIFESTYLE
TRAVEL

“ဘယ်တောင်မှ အဲ့လောက်မမြင့်ဘူးမို့လား” တောင်တန်းများနေ့အတွက် ဇာတ်လမ်းသုံးပုဒ်။

ဂျပန်ပြည်ရဲ့ရှုခင်းတွေကို အမိအရဖမ်းဆုပ်ထားနိုင်တဲ့ ဒီဇာတ်ကားသုံးကားနဲ့ သင့်ခရီးစဉ်ကိုစတင်လိုက်ပါ။

ဂျပန်နိုင်ငံအကြောင်းတွေးကြည့်လိုက်တာနဲ့ သင့်စိတ်ထဲကို ပထမဆုံးရောက်လာတဲ့အရာက ဘာများလဲ။ ဖူဂျီတောင် ကြီးပဲဖြစ်ရမယ်…ဟုတ်တယ်မလား။ ဂျပန်ပြည်ကအမြင့်ဆုံးတောင်ကြီးတွေဆိုတာက သူတို့တွေရဲ့ကြီးကျယ်ခန်းနားမှုကို နဖူး တွေ့ဒူးတွေ့ တွေ့လိုတဲ့ ခရီးသွားများစွာကို စွဲဆောင်လျှက်ရှိနေတာအမှန်ပါ။ ဖူဂျီတောင်ဆိုတာက ဂျပန်နိုင်ငံအနှံ့က ကျွန်းတွေ တစ်လျှောက် ပြန့်နှံတည်ရှိနေတဲ့ အဲဒီလိုတောင်တွေများစွာထဲက တစ်ခုမျှသာဖြစ်ပါတယ်။ ကုန်းမြင့်တောင်တန်းတွေက ဂျပန် နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို လွှမ်းခြုံထားတာဖြစ်ပြီး အများစုကို ယာမာနာရှီ၊ ရှီဇူအိုကာ၊ နာဂါနို၊ ဂီဖူ၊ (ဂျပန်ပြည်ရဲ့ ပင်မ ကျွန်းကြီးဖြစ်တဲ့) ဟွန်ရှူအလယ်ပိုင်းက တိုယာမာစီရင်စုတွေမှာ တွေ့နိုင်ပါတယ်။

တောင်တန်းတွေဟာ ဂျပန်နိုင်ငံရဲ့ကိုးကွယ်ယုံကြည်မှုနဲ့လည်း ဆက်နွယ်မှုရှိနေတာကြောင့် ဂျပန့်ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အစဉ်အမြဲပါဝင်ပတ်သက်နေခဲ့ပြန်ပါတယ်။ “နတ်ဘုရားများဆီသို့သွားရာလမ်း” လို့အဓိပ္ပာယ်ရတဲ့ ရှင် တို (Shinto) အယူအဆအရဆိုရင် တော၊ တောင်၊ ပင်လယ်နဲ့ မြစ်ချောင်းတွေလို သဘာဝတရားတွေကိုပဲ နတ်ဒေဝတာတွေ အလား ယုံကြည်ကိုးကွယ်တတ်ကြပါသေးတယ်။ ဂျပန်ပြည်က အထွတ်အမြတ်အထားရဆုံး တောင်ကြီးသုံးခုထဲမှာဆိုရင် ရှီဇူအို ကာနဲ့ ယာမာနာရှီ စီရင်စုနှစ်ခုကြားက (3,776 မီတာမြင့်တဲ့) ဖူဂျီတောင်၊ တိုယာမာစီရင်စုက (3,015 မီတာမြင့်တဲ့) တာတီယာ မာတောင်နဲ့ ဂီဖူနဲ့ အီရှီကာဝါစီရင်စုကြားက (2,702 မီတာမြင့်တဲ့) ဟာကူ တောင်တို့ပါဝင်ပါတယ်။ နောက်ထပ် အထွတ်အမြတ် ထားရာတောင်တန်းတစ်ခုကတော့ ကန်ဆိုင်ဒေသက ဝါကာယာမာစီရင်စုတစ်ခုလုံးနီးပါးကိုလွှမ်းမိုးနေတဲ့ ကူမာနိုကိုဒို တောင်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒီတောင်ကြောတွေကို သင့်အနေနဲ့ တောင်တက်ခရီးနှင်တော့မယ်ဆိုရင် ဂျပန်ပြည်က ရှင်ဂုံဗုဒ္ဓဘာသာရဲ့ ဘူမိနက်သန်ဖြစ်တဲ့ ကိုယာတောင်ကိုလည်း သွားရောက်လည်ပတ်ကြည့်နိုင်ပါသေးတယ်။

ယခုခေတ်ကာလအထိလည်း ဂျပန်လူမျိုးတွေဟာ ပူဇော်ပသဖို့ပဲဖြစ်ဖြစ်၊ ပြင်ပရှုခင်းတွေကို ခံစားကြည့်ချင်လို့ပဲဖြစ်ဖြစ် တောင်တန်းတွေကို တက်ရောက်နေကြဆဲဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဂျပန်အစိုးရက ၂၀၁၄ ခုနှစ်မှာ Yama no Hi (山の日) လို့ ခေါ်တဲ့ တောင်တန်းများနေ့ကို အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ တောင်တန်းများနေ့ကို စတင်ကျင်းပခဲ့တဲ့အတွက် ဂျပန်ပြည်သူတွေအနေနဲ့ တောင်တန်းတွေထူထပ်လျက်ရှိတဲ့ မိမိ တို့တိုင်းပြည်ရဲ့အလှတရားကို ပီပီပြင်ပြင်ခံစားခွင့်ရခဲ့ကြပါတယ်။

အဲဒီအချိန်ကစလို့ ဂျပန်ပြည်ရဲ့ ပူပြင်းအိုက်စက်တဲ့ နွေရာသီတွေရောက်ပြီဆိုတာနဲ့ ပိုမိုအေးချမ်းတဲ့ တောင်ပေါ်ရှုခင်း တွေကိုရှုစားဖို့အတွက် တောင်ပေါ်တက်ကြတဲ့လူတွေ တစထက်တစ်တိုးတက်များပြားလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် သြဂုတ် လလည်းရောက်လာပြီဆိုတော့ ဂျပန်ပြည်ကနာမည်အကြီးဆုံးတောင်ကြီးတွေဆီကို ပိတ်ကားပေါ်ကတစ်ဆင့် တက်ရောက် ကြည့်နိုင်မယ့်အခွင့်အရေးတစ်ခု သင့်ကိုပေးချင်ပါတယ်။ တောင်တက်ပြီးခရီးကြမ်းနှင်ရတာကို သင့်အနေနဲ့ မကြိုက်ဘူးဆိုရင် တောင်မှ တောင်တန်းထူထပ်တဲ့ ဂျပန်ပြည်ကကုန်းပြင်မြင့်တွေအကြောင်းကို ဒီရုပ်ရှင်ဇာတ်ကား ၃ ကားကနေတဆင့် လေ့လာ ကြည့်နိုင်မှာဖြစ်ပါတယ်။

တောင်တန်း သို့မဟုတ် ကျောက်တုံးတွေရဲ့ရာဇဝင်,(劔岳 点の記), 2009

ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာဖြစ်သူ ဒိုင်ဆာကူကီမူရာရဲ့ ပထမဆုံးပွဲဦးထွက်လက်ရာလို့ဆိုနိုင်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကိုပဲ ဂျီရိုနစ်တာက ဝတ္ထုအဖြစ် ဖန်တီးပုံဖော်ခဲ့ပါသေး တယ်။ ဒီဇာတ်ကားထဲက ဆူရူဂီဒါကေတောင်ဆိုတာက တိုယာမာစီရင်စုရှိ ဆီးနှင်းထူတဲ့ တာတေယာမာတောင်တန်းထဲက 2,999 မီတာအမြင့်ရှိတဲ့ တောင်တစ်လုံးဖြစ်ပြီး အဲဒီတောင်ကိုမြေပုံဆွဲနိုင်ဖို့သွားရောက်ခဲ့ရတဲ့ ၁၉၀၇ ခုနှစ်က မြေတိုင်းလေ့လာ ရေးခရီးစဉ်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီတောင်က လူပေါင်းများစွာရဲ့ အသက်ဇီဝိန်ကိုချွေခဲ့ဖူးတာကြောင့် တောင်တက်သမားတွေရဲ့ကြားမှာတော့ အန္တရာယ်အရှိဆုံးတောင်အဖြစ် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တောင်တစ်လုံးလည်းဖြစ်ပါ တယ်။

ဒါရိုက်တာတစ်ဦးဖြစ်ရုံသာမက ရုပ်ရှင်ဓါတ်ပုံဆရာတစ်ဦးလည်းဖြစ်တဲ့ ကီမူရာက ဒီဇာတ်ကားထဲမှာ တောင်ပေါ်ရှုခင်း တွေရဲ့ ကြမ်းတမ်းခက်ထက်ပြီး ရန်လိုတဲ့အခြေအနေအရပ်ရပ်ကိုသာမက အနိုင်မခံအရှုံးမပေးဘဲ တက်ရောက်လိုတဲ့ တောင် တက်သမားတွေရဲ့စိတ်ဓာတ်တွေကို ကွက်ကွက်ကွင်းကွင်းမြင်သာလာအောင် အမိအရရိုက်ကူးထားနိုင်ခဲ့ပါတယ်။ ယစ်မူးသွားရ လောက်တဲ့ မြင်ကွင်းကျယ်ရိုက်ချက်တွေနဲ့ အားကောင်းလွန်းတဲ့ နေထွက်ချိန်ရှုခင်းတွေကြောင့် ဒီဇာတ်ကားက သင့်ကို ပင့်သက်ရှိုက်မောသွားစေမှာ သေချာပါတယ်။

သရုပ်ဆောင်:အဆန်နို တာဒါနိုဘူ (Asano Tadanobu), တာရူယူကီ ကာဂါဝါ (Teruyuki Kagawa), ရူဟေ မတ်ဆူဒါ (Ryuhei Matsuda)
ဒါရိုက်တာ:ဒိုင်ဆာကူ ကီမူရာ (Daisaku Kimura)

နွေဦးသို့ချီ (春を背負って), 2014

ရိုဟီ ဆာဆာမိုတိုရဲ့ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒါရိုက်တာ ကီမူရာရဲ့ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ဂျပန်ပြည်ရဲ့ အထွတ်အမြတ်အထားရဆုံးတောင်ကြီးသုံးခုထဲတစ်ခုဖြစ်တဲ့ တာတေယာမာတောင်ကိုနောက်ခံထားပြီး ရိုက်ကူးပုံဖော်ထား တာဖြစ်ပါတယ်။ အဲဒီတောင်ကြီးက တိုယာမာစီရင်စုမှာတည်ရှိတာဖြစ်တဲ့အတွက် ဒီဇာတ်ကားကိုလည်း အဲဒီဒေသမှာပဲ ရိုက်ကူး ပုံဖော်ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် တိုကျို အီတေတိုရူဆိုသူက ဖခင်ဖြစ်သူဆုံးပါးသွားတဲ့နောက် တောင်တက်ခရီး သည်တွေအတွက် နေရာထိုင်ခင်းစီစဉ်ပေးရတဲ့ မိသားစုလက်ငုတ်လက်ရင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့အတွက် တိုယာမာစီရင်စုကို ပြန်လည်ရောက်ရှိလာတဲ့အကြောင်း ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။

ဒါရိုက်တာ ကီမူရာရဲ့ဒီရုပ်ရှင်က မိမိချစ်ခင်ရသူတစ်ဦးရဲ့အသက်ကို ချွေယူသွားခဲ့တဲ့တောင်တန်းကြီးကို ပြန်လည် အနိုင်ယူပြနိုင်တဲ့ အားအင်သတ္တိအကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ တောင်တန်းကြီးပေါ်က အခြေအနေအရပ် ရပ်ကို ရင်ဆိုင်အံတုရုန်းကန်ရတဲ့ တကယ့်အတွေ့အကြုံတွေကို ကွက်ကွက်ကွင်းကွင်း ဖမ်းယူရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအဖို့ တောင်တစ်လုံးပေါ်မှာ နေထိုင်လုပ်ကိုင်ရတာ ဘယ်သို့ဘယ်ပုံရှိမလဲဆိုတာကိုသိမြင်နိုင်ဖို့ အခွင့်အရေး တစ်ခုကို ရရှိလိုက်သလို ခံစားသွားကြရပါလိမ့်မယ်။

သရုပ်ဆောင်:ကန်နီချီ မတ်ဆူရာမာ (Kenichi Matsuyama), ယူအွိုင် (Yu Aoi), အတ်ဆူရှီ တိုယိုကာဝါ (Etsushi Toyokawa)
ဒါရိုက်တာ:ဒိုင်ဆာကူ ကီမူရာ (Daisaku Kimura)

တောင်ထွတ်ပေါ်က ကယ်တင်ရှင်များ, (岳-ガク-),2011

ဂါကူလို့အမည်ရတဲ့ အစ်ရှီဇူကာရဲ့ရုပ်ပြကာတွန်းကနေ အက်ရှင်-စွန့်စားခန်းရုပ်ရှင်ဇာတ်ကားအဖြစ် အသက်ဝင်လာ တယ်လို့ ဆိုရပါလိမ့်မယ်။ အဲဒီဇာတ်ကားထဲက တောင်ထွတ်ကတော့ ဂျပန်ပြည်က နာမည်အကြီးဆုံးတောင်တွေထဲကတစ်ခု ဖြစ်တဲ့ (3,190 မီတာမြင့်တဲ့) ဟိုတာကာဒါကီတောင်ကို သရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ နာဂါနို စီရင်စုက ဆီးနှင်းထူထပ်တဲ့ ဟီဒါတောင်တန်းတွေပေါ်မှာ လုပ်ကိုင်နေရတဲ့ ကယ်ဆယ်ရေးတောင်တက်အဖွဲ့ တစ်ဖွဲ့အကြောင်း ကို ရိုက်ကူးတင်ဆက်ထားပါတယ်။

ဒီဇာတ်ကားထဲက ထူးခြားတဲ့ကယ်ဆယ်ရေးသမားတစ်ဦးကတော့ ဆန်ပိုဖြစ်ပါတယ်။ သူက စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်ပြီး သူ့ရဲ့အလုပ်အပေါ်ထားရှိတဲ့အကောင်းမြင်တတ်တဲ့စိတ်ထားကြောင့် သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကူမီကို အမြဲအားပေး နေနိုင်သူလည်းဖြစ်ပါတယ်။ သူ့အချစ်ဆုံးသူငယ်ချင်းအပါအဝင် လူအတော်များများရဲ့ အသက်မဲ့ခန္ဓာကိုယ်တွေကို မြင်တွေ့ရ ချိန်မှာတောင်မှ သူ့ရဲ့အကောင်းမြင်တတ်တဲ့စိတ်ထားက တွန့်ဆုတ်မသွားခဲ့သူလည်းဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်သူ ကာတာယာ မာရဲ့ဒီရုပ်ရှင်ဇာတ်ကားမှာ အဓိကပြလိုတဲ့အချက်ကတော့ တောင်တန်းတွေဆိုတာ လှပခမ်းနားသလောက် အန္တရာယ်များပြီး ရက်စက်ကြမ်းတမ်းနေနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

သရုပ်ဆောင်:ရွှန်အိုဂူရီ (Shun Oguri), မာဆာမီ နာဂါဆာဝါ (Masami Nagasawa), ကူရာနိုဆူကီ ဆာဆာကီ (Kuranosuke Sasaki)
ဒါရိုက်တာ:အိုဆာမူ ကာတာယာမာ (Osamu Katayama)

နှင်းပွင့်တွေ၊ သစ်တောတွေ၊ တောင်တန်းတွေကို အနီးကပ်လို့တစ်မျိုး မြင်ကွင်းကျယ်နဲ့တစ်ဖုံ အမျိုးအမျိုးရိုက်ပြထား တာကြောင့် ဒီရုပ်ရှင်ဇာတ်ကားတွေဟာ သင့်မျက်စိကိုအစာကျွေးနိုင်မယ့် စားတော်ပွဲတွေလို့ဆိုရင်လည်းမမှားပါဘူး။ တကယ် လို့သင်က တောင်တန်းချစ်သူတစ်ဦးမဟုတ်ခဲ့ဘူးဆိုရင်တောင်မှ ဒီရုပ်ရှင်တွေက သင့်ကို ဂျပန်ပြည်က အခန်းအနားဆုံးရှုခင်း တွေဆီ ခေါ်ဆောင်ပေးသွားမှာဖြစ်တဲ့အတွက် တစ်နေ့နေ့တစ်ချိန်ချိန်မှာ သင်ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ သွားရောက် လည်ပတ်ချင်စိတ် ပေါက်လာတဲ့အထိ နှိုးဆော်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဆူဇန်န်း ဘာဂင် ရေးသားသည်။

RECOMMEND POSTS

ページトップへ