TOP > ALL > GENERAL > ဂျပန် ပေါ့ပ်အိုင်ဒေါအဖွဲ့ အာရာရှီရဲ့ အမှတ်တရဖြစ်စရာ အကောင်းဆုံး ရုပ်ရှင်တွေ ကြည့်ကြရအောင်
GENERAL

ဂျပန် ပေါ့ပ်အိုင်ဒေါအဖွဲ့ အာရာရှီရဲ့ အမှတ်တရဖြစ်စရာ အကောင်းဆုံး ရုပ်ရှင်တွေ ကြည့်ကြရအောင်

အာရာရှီအဖွဲ့ကို မကြာမီ ဖျက်သိမ်းတော့မှာဖြစ်ပေမဲ့ ဒီရုပ်ရှင်ဇာတ်ကားတွေကတော့ အမြဲကျန်ခဲ့မှာဖြစ်ပါတယ်။

သူတို့ရဲ့အနုပညာလုပ်ငန်းတွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်ကစပြီး ရပ်နားတော့မယ်လို့ ဂျပန် နိုင်ငံက အမျိုးသားချည်းပါဝင်တဲ့ ထိပ်တန်း ပေါ့ပ် အိုင်ဒေါအုပ်စု အာရာရှီက ဇန်နဝါရီ ၂၇ ရက်နေ့မှာ ထုတ်ဖော် ပြောကြားလိုက်တဲ့အခါ တီဗွီစခရင်အရှေ့မှာရှိတဲ့ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ မှင်သက်မိသွားကြရသလို ကမ္ဘာ့ခေါင်းကြီးသတင်းလည်း ဖြစ်သွားခဲ့ရတယ်။ ၁၉၉၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့စဉ်တုန်းက အဖွဲ့မှာ ဂျွန် မတ်ဆူမိုတို၊ ခါဇူနာရီ နီနိုမီယနဲ့ မာဆာကီ အာအီဘတို့ဟာ အသက် ၁၆ နှစ်ပဲ ရှိသေးပြီး၊ ရှို ဆာကူရိုင်းက ၁၇ နှစ်နဲ့ အဖွဲ့ ခေါင်းဆောင် ဆာတိုရှီ အိုးနိုက ၁၈ နှစ်ပဲ ရှိကြသေးတယ်။ သူတို့အဖွဲ့ဟာ ခေတ်အဆက်ဆက် ဂျပန် ပေါ့ပ်အဖွဲ့ တွေအထဲ အအောင်မြင်ဆုံးအဖွဲ့ ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ကိုတည်ထောင်ပြီး နှစ် ၂၀ ကျော်အတွင်းမှာ အာရာရှီ အဖွဲ့ဟာ ကြည့်ရှုသူ သန်းပေါင်းများစွာနဲ့ ဟစ်ဖြစ်ခဲ့တဲ ဒါဇင်နဲ့ချီတဲ့ သီချင်းတွေ ထွက်ရှိခဲ့သလို ဆုတံဆိပ်တွေ အများအပြားလည်း ဆွတ်ခူးနိုင်ခဲ့တယ်။ ဒါ့အပြင် ဂျပန်ပြည်တွင်းသာမက ပြည်ပက သန်းနဲ့ချီတဲ့ ပရိတ်သတ် တွေရဲ့ နှလုံးသားကို အပိုင်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ သူတို့ အနုပညာသက်တမ်းတစ်လျှောက်မှာ၊ အာရာရှီ အဖွဲ့ဝင်တွေဟာ တီဗွီဒရမ်မာတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေအများအပြား ပါဝင်သရုပ်ဆောင်ခဲ့သလို သူတို့ရဲ့ ကိုယ်ပိုင် တီဗွီရှိုးတွေ၊ ရေဒီယိုရှိုးတွေ၊ သတင်းအစီအစဉ်တွေနဲ့ ဂျပန်နိုင်ငံရဲ့ လူကြည့်အများဆုံး တိုက်ရိုက် ထုတ်လွှင့်မှုတွေမှာ အဓိက တင်ဆက်သူတွေအနေနဲ့ ဖျော်ဖြေခဲ့ကြပါသေးတယ်။

သူတို့အဖွဲ့ နောက်ဆုံးခွဲခွာသွားတဲ့အချိန်ကြရင် ဂျပန်ဖျော်ဖြေရေးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ကြီးဖြစ်လာမယ်ဆိုပေမယ့် သူတို့ကို အောက်မေ့သတိရတိုင်း အလွမ်းဖြေစရာတွေ ကျွန်တော်တို့မှာ အလုံ အလောက် ကျန်ရှိနေတယ်။ အာရာရှီ အဖွဲ့ဝင် ၅ ဦးရဲ့ စခရင်ပေါ် တင်ဆက်မှုတွေအထဲ အမှတ်ရစရာ အကောင်းဆုံးဇာတ်လမ်း ၅ ခုကို အခု ကျွန်တော်တို့ ကြည့်လိုက်ကြရအောင်။

၁။ လက်ပလေ့စ် စုန်းမ (ラプラスの魔女), ၂၀၁၈

ရှိုး ဆာကူရိုင်းရဲ့ နောက်ဆုံးရုပ်ရှင် – လက်ပလေ့စ် စုန်းမ ဇာတ်ကားက ကေဂို ဟီးဂါရှီနိုရဲ့ ၂၀၁၅ ခုနှစ် က အဲဒီအမည်နဲ့ပဲ ထုတ်ဝေခဲ့တဲ့ ဝတ္ထုကို ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ ပဟေဠိ ဒရမ်မာ ဇာတ်ကား တစ်ကားပါ။ ဆာကူရိုင်းက လူငယ် ဘူမိဓာတု ပါမောက္ခ ရှုဆူကေး အေအိုအီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဟိုက်ဒရိုဂျင် ဆာလဖိုက်ကြောင့် သံသယရှိဖွယ် လူသေမှုနှစ်ခုကို စစ်ဆေးတဲ့နေရာမှာ ရဲတပ်ဖွဲ့ကို ပါမောက္ခက ခက်ခက်ခဲခဲ ကူညီပေးရတယ်။ သူ့ရဲ့ သုတေသန အရှိန်ရလာတဲ့အခါ၊ အေအိုအီးဟာ လူသတ်မှုတွေအတွက် အဖြေကို ဆုပ်ကိုင်ထားဖွယ်ရှိတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေး မာဒိုကာ (ဆူဇူး ဟီရိုဆေး) နဲ့ တွေ့ဆုံ လာရတယ်။ နှစ်ဦးသား တစ်ဦးကို တစ်ဦး ကူညီရင်း နောက်ထပ်ရှာဖွေမှုအသစ်တွေ တွေ့ရှိရင်း — ကြောက်စရာ ရန်သူတွေ ရှာတွေ့လာရင်းနဲ့ပေါ့။

ဒီဇာတ်ကားမှာ ဆာကူရိုင်းရဲ့ “ထက်မြက်ပြီး ဇွဲနပဲကြီးတဲ့ ပုံရိပ်” နဲ့ ထပ်တူကျနေပြီး ခြောက်ခြားစရာ ကောင်းသလောက် ဖမ်းလည်းဖမ်းစားနိုင်တဲ့ ဇာတ်ကားဖြစ်ကာ နောက်ဆုံးမိနစ်အထိ သင့်ကို ပဟေဠိတွေထဲ စိတ်ဝင်စားစရာအတိ ပြီးနေစေမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်များ၊ ရှို ဆာကူရိုင်း၊ ဆူဇူး ဟီရိုဆေး၊ ဆိုတာ ဖူကူရှီ
ဒါရိုက်တာ၊ တာကာရှီ မီကေး

၂။ နေသာတဲ့နေရာက မိန်းကလေး (陽だまりの彼女) ၂၀၁၃

အာရာရှီ အဖွဲ့ဝင် ဂျွန် မတ်ဆူမိုတို (မတ်ဆူဂျွန်) ဟာ အချစ်ဇာတ်လမ်းမှာ သူမတူအောင် ထူးချွန်တဲ့ သရုပ်ဆောင်။ ခေါင်းဆောင်မင်းသား ဒိုမျိုးဂျီ အခန်းက သူပါဝင်သရုပ်ဆောင်တဲ့ Hana Yori Dango (ပန်းတွေ ပေါ်က ကောင်လေးများ) ဇာတ်ကားတွဲကြောင့် သူတို့အဖွဲ့ရဲ့ အဲဒီဇာတ်ကားထဲက ဇာတ်ဝင်တေးတွေဖြစ်တဲ့ Love so Sweet နဲ့ One Love သီချင်းတွေ အချပ်ရေ ထောင်နဲ့ချီပြီး ရောင်းအားတက်ခဲ့ရတယ်။ အဲဒီ ဇာတ်ကားလိုပဲ နောက်ထပ် ဆွတ်ပျံ့ဖွယ်ရုပ်ရှင်က ကိုဆူကေးနဲ့ မော်တို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ နေသာတဲ့ နေရာက မိန်းကလေးဖြစ်ပါတယ်။ အထက်တန်းကျောင်းသား ဘဝကတည်းက ချစ်သူတွေ၊ ကိုဆူကေးက တခြားမြို့ကို ပြောင်းသွားတော့ ခွဲခွာခဲ့ရ။ ဒီလိုနဲ့ နောက် ၁၀ နှစ်အကြာ၊ နှစ်ယောက်လုံး အရွယ် ရောက်၊ အလုပ်အကိုင်တွေရ။ နှစ်ဦးသား မမျှော်လင့်ပဲ ပြန်လည်ဆုံဆည်းကြ။ ငယ်ချစ်တို့ ပြန်လည်ပေါင်းဆုံမှု ဟာ အစောပိုင်း အလွန်ပျော်ရွှင်စရာ အတိပြီးခဲ့ပေမဲ့ မော်က သူ့ကို ကြီးမားတဲ့ လျို့ဝှက်ချက်တစ်ခုမပြောဘဲ ထားခဲ့တာ ကိုကူဆေး သိရှိသွားပြီးတဲ့နောက် . . .

ကနေ့အထိ မတ်ဆူဂျွန် သရုပ်ဆောင်ခဲ့သမျှ အကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပန်းတွေပေါ်က ကောင်လေးများထဲက ဒိုမျိုးဂျီ ဇာတ်ရုပ်နဲ့ မတူကွဲပြားတဲ့ အချစ်ဇာတ်ကောင် စရိုက်တစ်ခုကို တွေ့ကြရမယ်။ ဒီဇာတ်ကားမှာ ကိုဆူကေဟာ ပျော့ပြောင်းပြီး အတော် အေးအေးစက်စက် နေတတ်၊ ချစ်တတ်တဲ့ ပုံစံနဲ့ သူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို စခရင်ပေါ်မှာ မြင်ရမယ်။ မျက်ရည် အလိုလို စီးကျလာဖို့သာ ပြင်ထားကြ ဖြစ်ပါတယ်။

သရုပ်ဆောင်များ၊ ဂျွန် မတ်ဆူမိုတို၊ ဂျူရီ ယူအီနို
ဒါရိုက်တာ၊ တာကာဟီရို မီကီ

၃။ နာဂါဆာကီ – သားရဲ့ အမှတ်တရများ (母と暮せば) ၂၀၁၅

အာရာရှီ အဖွဲ့ဝင် ၅ ဦးအနက် ခါဇူနာရီ နီနိုမီယက ခေါင်းဆောင်အခန်းအပါအဝင် ဇာတ်ကားပေါင်း ၁၈ ကား၊ ဒါဇင်နဲ့ ချီတဲ့ တီဗွီဒရမ်မာတွေနဲ့ စင်ပေါ်တင်ဆက်မှုတွေ လုပ်ခဲ့တဲ့အတွက် သူ့ပင်မအလုပ်ပြီးရင် ရုပ်ရှင်နဲ့ ဒရမ်မာအပေါ် အထူးအလေးပေးဆုံးသူ ဖြစ်ပါတယ်။ သူ့ဇာတ်ကားအများအပြားဟာ လူမှုရေး မညီမှုမျှ၊ ပုဂ္ဂိုလ် ရေး တိုက်ပွဲ၊ စစ်ပွဲ၊ ငြိမ်းချမ်းရေး၊ မိသားစု သံယောဇဉ် စတဲ့ ဇာတ်အိမ်အမျိုးအစား စုံလင်လှတယ်။

နာဂါဆာကီ – သားရဲ့ အမှတ်တရများ ဆိုတာ ကနေ့အထိ နီနိုမီယရဲ့ အအောင်မြင်ဆုံး ရုပ်ရှင် တစ်ကား။ ဒီဇာတ်ကားနဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ အကောင်းဆုံး သရုပ်ဆောင်ဆု ၂ ခု သူဆွတ်ခူးခဲ့တယ် – အဲဒီ ဆုတွေကတော့ ၈၉ ကြိမ်မြောက် ကီနီမာ ဂျွန်ပိုဆုနှင့် ၃၉ ကြိမ်မြောက် ဂျပန် အကယ်ဒမီဆုတို့ပါပဲ။ ကမ္ဘာစစ်အပြီး ၁၉၄၀ ပြည့်လွန် ဂျပန်နိုင်ငံ၊ နာဂါစာကီမြို့မှာ ဇာတ်အိမ်တည်တယ်။ ဇာတ်လမ်းက စစ်အတွင်း မှာ ယောကျာ်းနဲ့ သားနှစ်ယောက်ကို စစ်ထဲဆုံးရှုံးခဲ့ရတဲ့ ဝမ်းဆွဲသည် နိုဘူကို (ဆာယူရီ ယိုရှီနာဂါ) ရဲ့ ဇာတ် ကြောင်း။ သူမရဲ့ အငယ်ဆုံးသားလေး ကိုဂျီ သေဆုံးခဲ့ရတဲ့ နာဂါစာကီမြို့ အနုမြူဗုံးဒဏ်သင့်ပြီး ၃ နှစ် အကြာ မှာ၊ အဲဒီအငယ်ကောင်ရဲ့ တစ္ဆေရုပ်ဟာ သူမရှေ့မှာ ဘွားကနဲ ပေါ်လာခဲ့တယ်။ ပထမ စိတ်ရှုပ်ထွေးရပေမဲ့ သူမရဲ့ အထီးကျန်ဆန်မှုတွေကို ကျော်လွှားနိုင်သမို့ အဲဒီလို တစ္ဆေနဲ့တွေ့ရတာကို သူမ နှစ်သက်ပျော်ရွှင်လာ တယ်။ သားအမိနှစ်ယောက် အတိတ်ကအကြောင်းတွေ ပြန်ပြောကြရင်း၊ နှစ်ဦးသား ဒုတိယအကြိမ် ပြန်လည် ထွေးပွေ့ခွင့်ရတာကို ကြည်နူးပျော်ရွှင်နေကြရင်း၊ နောက်ဆုံးမှာ သူတို့နှစ်ဦး အခုလို တွေ့ဆုံခွင့်ရတဲ့ အံ့ဘွယ် အကြောင်းရင်းကို တဖြည်းဖြည်း သူတို့ရိပ်စားမိလာကြတယ်။ တကယ်တော့ နှစ်ဦးလုံး အသက်ဆုံးရှုံးပြီး တမလွန် ဘဝတူတွေ ဖြစ်နေသမို့သာ ပြန်လည်ဆုံဆည်းကြရတာပါလားဆိုတာ သူတို့သဘောပေါက်လာကြ တယ်။

တစ်ကိုယ်တည်း အထီးကျန်ဆန်မှုကို တိုက်ပွဲဝင်နေတဲ့ မိသားစုတစ်စုရဲ့ ကိုယ်ရေးကိုယ်တာ လူသား ဆန်တဲ့ ပြဇာတ်ထဲ တစ်ချက်စောင်းငဲ့ကြည့်လိုက်တဲ့အခါ၊ ဒီအကောင်းဆုံး ဇာတ်ကားဟာ စစ်ပွဲတွေမှာ လူသား တို့ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေအကြောင်း နယ်စည်းမခြား၊ အချိန်စည်းမခြား ရသခံစားနိုင်မယ့် ဇာတ်ကားဖြစ်ပါ တယ်။

သရုပ်ဆောင်များ၊ ဆာယူရီ ယိုရှီနာဂါ၊ ခါဇူနာရီ နီနိုမီယ၊ ဟာရူ ကူရိုကီ
ဒါရိုက်တာ၊ ယိုဂျီ ယာမာဒါ

၎။ အံ့ဖွယ်၊ နတ်ဆိုး ကလော့စ်ရဲ့ အချစ်နဲ့ မှော် (MIRACLE デビクロくんの恋と魔法) ၂၀၁၄

ကို နာကာမူရာရဲ့ အချစ်ဝတ္ထု “ အံ့ဖွယ်၊ နတ်ဆိုးကလော့စ်ရဲ့ အချစ်နဲ့ မှော်” ကို ရိုက်ကူးထားတာဖြစ်ပြီး ကနေ့ခေတ် တိုကျိုကို အခြေပြုထားတဲ့ ခရစ်စမတ်ကာလနဲ့ လူငယ် ၄ ဦးရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်း လေးပါ။ နေ့ဖက်ဆို စာအုပ်ဆိုင်ဝန်ထမ်း၊ ညဖက်မှာ ရုပ်ပြ ပန်းချီဆရာဖြစ်ဖို့ ရူးသွပ်မှုတွေနဲ့ ပန်းချီသမား ဟီကာရူအဖြစ် မာဆာကီ အာအိုဘ က သရုပ်ဆောင်ထားတယ်။ သူ့ကလေးဘ၀ သူငယ်ချင်း အန်နာ (နာနာ အီကူရာ) က ဟိုးငယ်စဉ်ကတည်းက သူ့ကို အစစအရာရာ အကူအညီပေးလာခဲ့သူ။ တစ်နေ့နေ့မှာ သူမနဲ့ ဟီကာရူတို့ဟာ သူငယ်ချင်းအဆင့်ထက် ကျော်လာမယ်လို့ တိတ်တခိုး အိပ်မက်မက်နေသူ။ ဒါပေမဲ့ သူမ စိတ် အပျက်ကြီး ပျက်ရတာက ဟီကာရူ သဘောကျနေတာ သူ့လုပ်ဖော်ကိုင်ဖက် ဆိုယန်းဖြစ်နေတဲ့အချက်။ သို့တိုင် လည်း အခုဟာ ခရစ်စမတ် အခါသမယ၊ တစ်နှစ်တာအတွင်း အံ့ဖွယ်ဖြစ်ရပ်တွေ အများဆုံးဖြစ်တတ်တဲ့ အချိန် ပေါ့။…

သရုပ်ဆောင်များ၊ မာဆာကီ အာအိုဘ၊ နာနာ အီကူရာ၊ ဟိုဂျူးဟန်
ဒါရိုက်တာ၊ အစ်စရှင်း အီနူဒို

၅။ ကိုင်ဘတ်ဆု-ကွန်၊ ရုပ်ရှင် 映画怪物くん (၂၀၁၁)

ဖူဂျီကို အေ ဖူဂျီယိုရဲ့ မန်ဂါ ရုပ်စုံနဲ့ အန်နီမေးရှင်း စာအုပ်တွဲ၊ ပြဇာတ်တွဲဖြစ်တဲ့ Kaibutsu kun (ဘီလူး လေး) ကို ရုပ်ရှင်အသွင်ပြောင်းထားတဲ့ ဇာတ်ကားကို ကြည့်ခွင့်ရဖို့ လူတွေအချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရ တယ်။ ရုပ်ရှင်က တိုက်ကြခိုက်ကြ၊ စွန့်စားခန်းတွေ၊ ရောင်စုံအခန်းတွေ၊ တန်ခိုးရှင်တွေ ရှုချင်စဖွယ် သရီးဒီ အရုပ်တွေနဲ့ ကြည့်သူအပေါင်းကို ရိုလာကိုစတာစီးရသလို ခံစားရစေမှာပါ။ အာရာရှီ အဖွဲ့ခေါင်းဆောင် ဆာတိုရှိ အိုးနိုက အဓိက ဇာတ်ကောင်။ သောင်းကျန်းတဲ့ ဘီလူးမြေက ကိုင်ဘတ်ဆုကွန်အဖြစ် သရုပ်ဆောင်ထားတယ်။ လူသားတို့ရှိရာ မြေကို ဘုရင်လုပ်ဖို့ ရောက်လာခဲ့သူ။ ဒါပေမဲ့ သူက ဂျပန်ရောက်မလာဘဲ အိန္ဒိယကို ရောက် သွားကာ ပြန်ပေးဆွဲခံရတဲ့ မိန်းမလှတစ်ဦးကို ကယ်တင်ရမယ့် သူရဲကောင်းတစ်ဦးအဖြစ်ကို ရောက်ရှိသွားခဲ့ တယ်။

ကိုင်ဘတ်ဆု-ကွန် ရုပ်ရှင်ဟာ ဂျပန်မှာ ၂၀၁၁ ခုနှစ် ဖြန့်ချိကတည်းက အောင်မြင်မှု အကြီးအကျယ်ရခဲ့ ပြီး ရုပ်ရှင်ရုံဝင်ခ ယန်း ၃.၁၄ ဘီလီယံရခဲ့တဲ့ ဇာတ်ကားပါ။ လက်တွေ့ဘဝမှာ အိုးနိုက ခပ်အေးအေးပေမယ့်လို့ ဒီရုပ်ရှင်ထဲမှာ အိုးနိုရဲ့ တခြားမျက်နှာစာက ဇာတ်ရုပ်ကို ပရိတ်သတ်တစ်ယောက်အနေနဲ့ ရှုမြင်ကြရမယ်။ ရက်ရွေးပါ။ စိတ်လွတ်ကိုယ်လွတ်ပျော်နေပြီး အပူအပင်မရှိတဲ့ နေ့မျိုးမှာသွားပြီး ကြည့်လိုက်ပါ။

သရုပ်ဆောင်များ၊ ဆာတိုရှီ အိုးနို၊ အူမီကာ ကာဝါရှီမာ၊ ရူဟေး အူအက်ရှီမာ၊ ဟောင်မန်ချွိုင်
ဒါရိုက်တာ၊ ယိုရှီဟီရို နာကာမူရာ

အာရာရှီကို လွမ်းနေကြပြီလား။ ဒီရုပ်ရှင်နာမည်တွေကို သင်ကြည့်ရှုရန် စာရင်းထဲသာ ထည့်ထားလိုက်ပါ။ အဲဒီ အခါ အာရာရှီ အဖွဲ့သားတွေအားလုံး သင်အနား ထာဝရ အတူရောက်ရှိနေကြမှာ ဖြစ်ပါတယ်။

စာသား – ရို့စ် ဟာနီဒါ

RECOMMEND POSTS

ページトップへ