TOP > ALL > ANIMATION > စတူဒီယို ဂီဘလီ (Studio Ghibli) ၏ မြဲမြံသောအောင်မြင်မှု
ANIMATION

စတူဒီယို ဂီဘလီ (Studio Ghibli) ၏ မြဲမြံသောအောင်မြင်မှု

ဤအရာကို စိတ်ကူးပုံဖော်ကြည့်ပါ – ကျွန်ုပ်တို့၏ ဇာတ်လိုက် ဂျီယို (Jiro) လေးသည် အိမ်ခေါင်မိုးပေါ်မှ ပိုင်နိုင်စွာ ဖြတ်ကျော်လျှောက်လှမ်းကာ ငှက်တောင်ပံသဖွယ် တောင်ပံများဖြင့် ဆင်မြန်းထားသော လေယာဥ်တစ်စင်းပေါ်သို့ ဦးတည်လာလေသည်။ သူသည် လေယာဥ်ခေါင်းခန်းတွင်းသို့ တွယ်တက်ရောက်ရှိပြီးနောက် ဒလက်ကို လည်စေရန် ခလုတ်ဖွင့်လိုက်သည့်အခါ လေထုသည် လေယာဥ်ကို ထောက်ထားသော ဒေါက်များမှ ပင့်တက်စေလေသည်။ လေယာဥ်မြင့်တက်လာသည်နှင့်အမျှ မယ်ဒလင်တေးသံသာ ထွက်ပေါ်လာသည်။ ရုတ်တရက် ငြိမ့်ညောင်းသောတေးသံမှ တူရိယာအစုံပါသော သံစုံတီးဝိုင်းသံအဖြစ် ဗြုန်းခနဲ ပြောင်းလဲထွက်ပေါ်လာပြန်သည်။ Jiro သည် နေရောင်ဖုံးလွှမ်းထားသော ဂျပန်ကျေးလက်ဒေသ မြက်ခင်းစိမ်းများပေါ်မှ မောင်းနှင်ပျံသန်းသွားလေသည်။ သူသည် မြို့ပေါ်မှ ဆက်လက် ဖြတ်ကျော်ပျံသန်းလာသည်၊ နေရာတစ်ခုချင်းစီမှာ တစ်ခုထက် တစ်ခု သဘာဝအတိုင်း ပို၍လှပနေလေသည်။

ထို့နောက် အသံဆိတ်နေပါ။ ဧရာမလေသင်္ဘောကြီးတစ်စင်းသည် နေလုံးကို ကွယ်၍ ပြကွက်ထဲသို့ ဝင်ရောက်လာလေသည်။ Jiro သည် အခြေအနေကိုလေ့လာရန် အလွန်ကြီးမားသော ထိုယာဥ်ပျံကြီးထံ အလောတကြီး ပျံသန်းလိုက်သည်။ သူ၏ လေကာမျက်မှန်သည် ရုတ်ခနဲ မျက်မှန်ထူကြီးအဖြစ် ပြောင်းသွားပြီး သူ၏လေယာဥ်ကို မထိန်းနိုင်ဖြစ်သွားသည်။ လေသင်္ဘောကြီး သယ်ဆောင်လာသော ယာဥ်ပျံအပိုတွဲများထဲမှ တစ်စင်းနှင့် တိုက်မိသဖြင့် Jiro ၏ လှပသော လေယာဥ်လေးခမျာ ကြေမွပျက်စီးသွားရလေသည်။ လေထဲတွင် လက်မြှောက်ကာ အကူအညီမဲ့စွာ အောက်သို့ ပြုတ်ကျသွားလေတော့သည်။ ခဏအကြာ သူ နိုးထလာခဲ့သည်။

The Wind Rises (၂၀၁၃) ဇာတ်လမ်း၏ အစပိုင်း ဖော်ပြပါ ဇာတ်ကွက်များမှာ Studio Ghibli အပေါ် ကျွန်တော် စွဲလမ်းစေရန်အတွက် အထောက်အကူပြုသောအရာ ဖြစ်သည်။ ကျွန်တော့်အတွက် ဤပြကွက်သည် Studio Ghibli ၏ ၃၅ နှစ်တာ အောင်မြင်မှုသမိုင်းတစ်လျှောက် အထူးအမှတ်တရဖြစ်စေသော အကောင်းဆုံးပြကွက်ပင် ဖြစ်သည်။ Ghibli ၏ အိပ်မက်ကဲ့သို့သော ကမ္ဘာလေးများသည် အံ့သြစိတ်ကို မွေးဖွားပေးရန် မည်သည့်အခါမျှ ပျက်ကွက်ခဲ့သည်ဟူ၍ မရှိပေ။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အလှအပကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် လက်တွေ့ဘဝထဲမှ ရက်စက်ကြမ်းတမ်းသော အမှန်တရားတို့ကို ရင်ဆိုင်ရန် ကြောက်ရွံ့ခြင်း မရှိကြပေ။

Ghibli သည် လွန်ခဲ့သော ဆယ်စုနှစ် ၃ စုကတည်းက လက်ဖြင့်ရေးဆွဲသော ကာတွန်း animation ရုပ်ရှင်များ ထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်တန်း စတူဒီယိုအဖြစ် အခြေခိုင်ခံ့နေခဲ့ပြီ ဖြစ်သည်။ Ghibli ၏ အောင်မြင်မှုကို ၎င်း၏ တီထွင်ဖန်တီးမှု ပြယုဂ်သဖွယ် ရှိနေသည့် လူနှစ်ဦးဖြစ်သော အီဆာအို တာကာဟာတာ (Isao Takahata) နှင့် ဟာယာအို မီယာဇာကီ (Hayao Miyazaki) တို့အကြောင်း မဖော်ပြဘဲ ဆွေးနွေးရန် ဖြစ်နိုင်မည် မဟုတ်သော်လည်း ထိုနှစ်ဦးထဲမှ အထူးသဖြင့် ဒုတိယတစ်ဦးသည် စတူဒီယိုအမှတ်တံဆိပ်နှင့် တစ်ထပ်တည်း ဖြစ်လာခဲ့သည်။

ခေတ်တစ်ခေတ်၏ အစအဦး

တိုအေ (Toei) animation ၌ အလုပ်ဝင်နေချိန် ပထမဆုံးအကြိမ် ဆုံတွေ့စဥ်က Takahata သည် ၁၉၈၄ ခုနှစ်တွင် Miyazaki ၏ Nausicaa of the Valley of the Wind အမည်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူအကြောင်း ရုပ်ရှင်ကို ထုတ်လုပ်တော့မည်ဖြစ်သည်။ ပတ်ဝန်းကျင်အပေါ် လူသားတို့၏ အကျိုးသက်ရောက်မှုအကြောင်း ဝေဝေဆာဆာ လေ့လာစူးစမ်းမှုအတွက်ကြောင့် အလွန်အရေးပါသော ချီးကျူးဂုဏ်ပြုခြင်းကို ရရှိခဲ့သည့် Nausicaa သည် ထိုသူနှစ်ဦးအကြားတွင် ရာသက်ပန် ပူးပေါင်းဆောင်ရွက်မှု အစအဦးကို အမှတ်အသားပြုပေးခဲ့လေသည်။ ရုပ်ပုံနှင့် လှုပ်ရှားမှုအပိုင်းတို့တွင် မေတ္တာဖြင့် အနုစိတ်ဖန်တီးထားသော အတိုင်းအတာမှာ အထူးသဖြင့် ချီးကျူးခြင်းခံခဲ့ရသည်။ ၎င်းမှာ Miyazaki နှင့် အထင်ကရ ဇာတ်ညွှန်းရေးဆရာကြီး ဂျိုး ဟီဆာအီရှီ (Joe Hisaishi) တို့အကြား ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု တစ်ခုလည်း ဖြစ်ပြီး ဇာတ်ညွှန်းရေးစာရေးကြီးသည် ထိုအချိန်မှစ၍ Miyazaki ရုပ်ရှင်အားလုံးအတွက် ဇာတ်ညွှန်းရေးသားပေးခဲ့လေသည်။

အခြားရုပ်ရှင်များထက် Nausicaa ရုပ်ရှင်၏ ငွေရေးကြေးရေးဆိုင်ရာ အောင်မြင်မှုကြောင့် Miyazaki နှင့် Takahata တို့သည် လက်ဖြင့်ရေးဆွဲသော ကာတွန်း animation အနုပညာကို ဆုံးခန်းတိုင်အောင် လိုက်မည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ၁၉၈၅ ခုနှစ်တွင် Studio Ghibli ကို ပူးတွဲတည်ထောင်ခဲ့ကြသည်။ Studio Ghibli သည် သက္ကရာဇ် ၁၉၈၀ ခုနှစ်ဝန်းကျင်မှ ၁၉၉၀ ဝန်းကျင် အစောပိုင်းတစ်လျှောက်လုံး ပြည်တွင်းစျေးကွက်တွင် စတင်စိုးမိုးလာခဲ့သည်။ Laputa: Castle in the Sky (၁၉၈၆), Kiki’s Delivery Service (၁၉၈၉) and Porco Rosso (၁၉၉၂) ကဲ့သို့သော ရုပ်ရှင်များသည် ဝေဖန်သုံးသပ်သူများထံမှ သုံးသပ်ချက်ကောင်းများ ရရှိခဲ့သလို ငွေရေးကြေးရေးအပိုင်းတွင်လည်း အလွန့်အလွန် စွမ်းဆောင်နိုင်ခဲ့သော ရုပ်ရှင်များ ဖြစ်ကြသည်။ ဤ စတူဒီယိုငယ်လေးသည် ကမ္ဘာကြီး၏အာရုံကို စတင်ဖမ်းစားခဲ့သည်။

သက္ကရာဇ် ၁၉၉၀ ခုနှစ်ဝန်းကျင် အလယ်ပိုင်းတွင် Disney နှင့် ပြုလုပ်ခဲ့သော ဖြန့်ချိရေးသဘောတူညီချက်တစ်ခုသည် ဤဂျပန်ရုပ်ရှင်လောက၏ တစ်စိတ်တစ်ပိုင်းကို အနောက်တိုင်း ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့သည်။ အထူးခြားဆုံးအနေဖြင့် Princess Mononoke (၁၉၉၇) ရုပ်ရှင်သည် အမေရိကန်ပြည်ထောင်စုတွင် အများအပြား ထုတ်ဝေခဲ့ရသည့် Studio Ghibli ၏ ပထမဆုံးရုပ်ရှင် ဖြစ်ခဲ့သည်။ ၎င်းသည် animation လောကထဲတွင် Studio Ghibli ၏ ရပ်တည်မှုကို အလျင်အမြန် ခိုင်မာလာစေခဲ့သည်။

၂၀၀၁ ခုနှစ်ထုတ် စိတ်ကူးယဥ်ဇာတ်လမ်းကောင်းတစ်ခုဖြစ်သည့် Spirited Away ရုပ်ရှင်ဖြင့် Studio Ghibli ၏ အောင်မြင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ ချီးကျူးမှတ်တမ်းတင်ထိုက်သည့်အပြင် ဂျပန်နိုင်ငံမှထုတ်လုပ်သော ရုပ်ရှင်များထဲတွင် ဝင်ငွေအမြင့်ဆုံးရရှိခဲ့သော ရုပ်ရှင်တစ်ခုအနေဖြင့် ဆက်လက်ရပ်တည်နေပြီး အကောင်းဆုံး animated ရုပ်ရှင်ဇာတ်ကား အကယ်ဒမီဆုကို ရရှိခဲ့သည့် တစ်ဦးတည်းသော ဂျပန်လူမျိုးဖြစ်သည်။ Spirited Away ရုပ်ရှင်သည် ငယ်ရွယ်သောမျိုးဆက်သစ် ပရိသတ်များအတွက် အောင်မြင်မှုလမ်းစတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။

ထိုသို့ပင်ဆိုသော်လည်း Ghibli ရုပ်ရှင်များမှာ အသက်အရွယ်မျိုးစုံ ကြည့်ရှုခံစားနိုင်သည့် မြဲမြံသောအရည်အသွေးတစ်ခုကို ပိုင်ဆိုင်ထားကြသည်။ အထူးခြားဆုံးမှာ ယင်းရုပ်ရှင်များသည် အမှတ်တရများ၊ စိတ်ခံစားမှုများကို သာမက ကလေးသူငယ်များကဲ့သို့ စူးစမ်လိုစိတ်တို့အား လှုံ့ဆော်နိုင်သည့်အစွမ်းကို ပိုင်ဆိုင်ထားကြပြီး ယင်းရုပ်ရှင်များထဲမှ ဇာတ်ကောင်များက ထိုစိတ်ခံစားချက်တို့ကို အကောင်းဆုံး ထင်ဟပ်စေခြင်းပင်ဖြစ်သည်။

မိုးကောင်းကင်များနှင့် ပျံသန်းရန် အိပ်မက်များ

Miyazaki ၏ ရုပ်ရှင်များထဲတွင် ငယ်ရွယ်သောဇာတ်ကောင်များသည် မကြာခဏဆိုသလို ကောင်းကင်ကို တအံ့တသြ ငေးမောကြည့်လေ့ရှိကြသည်။ အံ့သြစရာမရှိသည်မှာ သူ၏ဇာတ်ကောင်များမှာ ဤအံ့သြဖွယ်ရာကို ပျံသန်းခြင်းဖြင့် ရုပ်လုံးပေါ်စေခဲ့ကြသည်။

Miyazaki ၏ ဖခင်အရင်းကိုယ်တိုင်ပင်လျှင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တိုက်လေယာဥ်များအတွက် အစိတ်အပိုင်းများကို ထုတ်လုပ်သော ကုမ္ပဏီတစ်ခုကို ဦးစီးလည်ပတ်ခဲ့သည်။ စစ်ပွဲကာလအတွင်း မိမိ၏ မိသားစုမှာ အမြတ်ကြီးစားခဲ့သည်ဟူသော အပြစ်တင်စိတ်က Miyazaki အား ငြိမ်းချမ်းရေး လိုလားသော အမြင်များကို ပေါက်ဖွားစေခဲ့လေသည်။ ထိုနည်းလည်းကောင်းပင် ယင်းစိတ်သည် လေယာဥ်ထုတ်လုပ်မောင်းနှင်မှုနှင့် လေယာဥ်များအပေါ် သူ၏ခုံမင်စွဲမက်မှုကို ပိုမိုအားကောင်းစေခဲ့သည်၊ ယင်းမှာ သူ၏ရုပ်ရှင်အားလုံးနီးပါးတွင် ပါဝင်ထည့်သွင်းထားသော သဘောတရားတစ်ခုလည်း ဖြစ်ခဲ့သည်။ သူ၏ဇာတ်ကောင်များမှာ ကောင်းကင်တိမ်တိုက်များအကြား ပျော်ရွှင်မှုကို ရှာဖွေတတ်ကြသည်မှာ ရောင်ပြန်ဟပ်မှုတစ်ခုကဲ့သို့ပင် ဖြစ်သည်။ Ghibli ရုပ်ရှင်များထဲမှ လေသင်္ဘောများမှာ အခြေအနေကိုလိုက်၍ စွဲဆောင်မှုရှိကြသည်၊ အလွန် သေသပ်ကြော့ရှင်းမှုဖြင့်လည်း လွှမ်းခြုံထားကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် စစ်လေယာဥ်များကိုမူ အညိုရောင်၊ ဧရာမလေသင်္ဘောကြီးများအဖြစ် အပြစ်အနာအဆာကင်းသော ရှုခင်းတွင် အမည်းစက်တစ်ခုကဲ့သို့ သရုပ်ဖော်ထားလေ့ရှိသည်။ အလှအပနှင့် ပျက်စီးမှုအကြားမှ အားပြိုင်မှုကို Ghibli ၏ လက်ရာအများစုတွင် တွေ့မြင်ရစမြဲဖြစ်သည်။ ယေဘုယျအားဖြင့် ဤအားပြိုင်မှုမှာ ရုပ်ရှင်ရိုက်ကူးသူ၏ ကိုယ်ပိုင်အတွေ့အကြုံများမှ ထုတ်နုတ်ထားခြင်း ဖြစ်သည်။

Takahata အတွက်မူကား ဒုတိယကမ္ဘာစစ်တွင် သူ အသက်ရှင်ကျန်ရစ်ခဲ့သော အတွေ့အကြုံကို သူ၏ အပြောင်မြောက်ဆုံးလက်ရာဖြစ်သည့် Grave of the Fireflies (၁၉၈၈) ရုပ်ရှင်တွင် အပေါ်လွင်ဆုံး သရုပ်ဖော်ထားသည်။ ထိုရုပ်ရှင်မှာ ကိုယ်တွေ့အဖြစ်ဆိုးများအပေါ် အသားပေးထားခြင်းဖြစ်သော်လည်း ဇာတ်ကောင် စေတာ (Seita) နှင့် ဆေဆုကို (Setsuko) တို့၏ ဒုက္ခဆင်းရဲကို ဟာသ၊ မျှော်လင့်ချက်နှင့် အံ့သြဖွယ် အခိုက်အတံ့များဖြင့် အထပ်ထပ် ကြားဖြတ်သရုပ်ဖော်ထားသေးသည်။ ၎င်းတို့၏ အချိန်မတိုင်မီ သေဆုံးမှုမှာ စစ်ပွဲအကြား ငယ်စဥ်ကလေးဘဝ ဆုံးရှုံးပျက်စီးမှုများစွာကို ဖော်ပြထားခြင်းဖြစ်သည်။

Miyazaki သည် လေယာဥ်ပျံများနှင့်ပတ်သက်၍ ၎င်းတို့၏ ပင်ကိုစွမ်းရည်ကို အနုပညာလက်ရာများ အဖြစ်သာမက စစ်ပွဲ တန်ဆာပလာများအဖြစ် ထိုအရာနှစ်ခုတို့၏ ခြားနားမှုကို ပေါ်လွင်စေရန် ယှဥ်တွဲ၍ ဖော်ပြထားပါသည်။ “လေယာဥ်ထုတ်လုပ်မောင်းနှင်ဖို့ အိပ်မက်ဟာ ကျိန်စာတစ်ခုလိုပဲ” ဟူ၍ The Wind Rises ရုပ်ရှင်ထဲတွင် ဂျီရိုဗာနီ ကေပရိုနီ (Giovanni Caproni) ဆိုသကဲ့သို့ပင်ဖြစ်သည်။ နောက်ဆုံးတွင် Caproni နှင့် Jiro တို့၏ အနုပညာလက်ရာများကို အမြောက်အမြား သေကြေပျက်စီးစေသော လက်နက်များအဖြစ် အသုံးပြုခဲ့ကြသည်။ ၎င်းတို့၏ အိပ်မက်များမှာ ၎င်းတို့ကိုယ်တိုင်၏ ရည်မှန်းချက်နှင့်ဆန့်ကျင်သော ပုံစံများအဖြစ်သို့ ကူးပြောင်းခဲ့ရသည်။ Jiro ကဲ့သို့သော ဇာတ်ကောင်များသည် မကြာခဏဆိုသလိုပင် မိမိတို့မှာ ဟိုမရောက်သည်မရောက် ဖြစ်နေကြောင်း သဘောပေါက်လာတတ်ကြသည်။ ဤအရာမှာ Miyazaki အနေဖြင့် စိတ်ကူးယဥ်အိပ်မက်နှင့် လက်တွေ့အခြေအနေအကြား သတိရှိစွာ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘဝတွင် အရေးကြီးသော အဆင့်နှစ်ဆင့်အကြားရှိ အကူးအပြောင်းကာလ၌ ရှိနေခြင်းမှာ သူ၏ရုပ်ရှင်များထဲတွင် မြင်တွေ့နေကျ သဘောတရားတစ်ခုဖြစ်သည်။

လူငယ်ဘဝမှလူကြီးဘဝသို့ ရင့်ကျက်ကြီးထွားသည်ကို သရုပ်ဖော်သည့်ရုပ်ရှင်အမျိုးအစား (Coming-of-Age) ကို ကမ္ဘာအနှံ့အပြားမှ တောင်းဆိုခြင်း

Kiki’s Delivery Service ရုပ်ရှင်ထဲတွင် ဇာတ်ကောင် ကီကီ (Kiki) သည် အနှောင်အဖွဲ့ကင်းသော စုန်းမတစ်ဦး ဖြစ်လာစေရန် ဘဝမှတ်တိုင်တစ်ခုကို ဖြတ်သန်းရသည်။ အစပိုင်းတွင် သူသည် မြို့ကြီးပြကြီး ဘဝကို စူးစမ်းလေ့လာရာတွင် သူမ၏မိဘများ၏ လမ်းညွှန်မှုမပါဘဲ ရုန်းကန်ရလေသည်။ ထိုမျှမက သူမသည် အစဥ်အလာ နှင့် ခေတ်ပေါ် စုန်းကဝေအတတ်များအကြားမှ ကွဲပြားခြားနားမှုများကို စေ့စပ်ပေးနိုင်ခြင်း မရှိပေ။ ထို့နောက် Princess Mononoke ရုပ်ရှင်တွင် အရှီတာကာ (Ashitaka) သည် စစ်ဖက်ပြိုင်နေသော အုပ်စုနှစ်စုအကြားတွင် ရှိနေကာ ငြိမ်းချမ်းရေးအတွက် အချည်းနှီး ညှိနှိုင်းပေးလျက်နေရသည်။ Spirited Away ရုပ်ရှင်ထဲတွင်မူကား ချီဟီယို (Chihiro) သည် သေရေရှင်ရေး အခြေအနေတစ်ခုအကြားတွင် ချောင်ပိတ်မိနေသည်။ သူမ၏ ဘဝခရီးသည် သူမ၏မိသားစု အိမ်ပြောင်းစဥ် တိုက်ဆိုင်စွာ စတင်ပြီး ၎င်းမှာ အလွန်အရေးကြီးသော ကလေးဘဝ အကူးအပြောင်းကာလတစ်ခုပင် ဖြစ်သည်။

ကျွန်ုပ်တို့၏ ဘဝအဆင့်တိုင်းတွင် အကူးအပြောင်းကာလ၌ ရောက်ရှိနေကြောင်း မကြာခဏဆိုသလိုပင် သဘောပေါက်ကြသည်။ အခြားနိုင်ငံတစ်နိုင်ငံသို့ ခရီးထွက်ခြင်း သို့မဟုတ် ပထမဦးဆုံးအကြိမ် အလုပ်ရရှိခြင်း ဖြစ်နိုင်ပါသည်။ ပြောင်းလဲမှုများဆိုသည်မှာ Studio Ghibli ၏ ဇာတ်ကောင်များအတွက်ကဲ့သို့ပင် ကျွန်ုပ်တို့၏ဘဝများထဲမှ ကြီးမားသောအစိတ်အပိုင်းပင် ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်တွေ့ ဘဝတိုက်ပွဲများကို အလွန်ကွဲပြားသိသာစေနိုင်သောအကြောင်းပင် ဖြစ်တန်ပါသည်။

Takahata နှင့် Miyazaki တို့မှာ ၎င်းတို့၏အမှတ်တရများကို အခြေခံကာ ဇာတ်ကြောင်းများ ရေးဆွဲသည့်ပုံစံမှာ လူအများနှင့် ရင်းနှီးကျွမ်းဝင်နေသော်လည်း ကမ္ဘာ့အဆင့်မီပေသည်။ Studio Ghibli ရုပ်ရှင်များသည် ငယ်စဥ်ကလေးဘဝမှ ဘဝအခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို သာမက ကျွန်ုပ်တို့၏ ရုန်းကန်ကြိုးပမ်းမှုများထဲ ကြားဖြတ်ဝင်လာသော အံ့သြဖွယ်အခိုက်အတံ့များကို ဖမ်းယူရိုက်ကူးခြင်းမှာ ၎င်းတို့၏ နောက်ခံကျောရိုးပင်ဖြစ်သည်။

အဖွင့်ပြကွက်အကြောင်း ပြန်ပြောကြပါစို့။ ကျွန်ုပ်တို့သည် Jiro ၏ အိပ်မက်ကဲ့သို့ပင် ပကတိပြီးပြည့်စုံသော ဘဝတစ်ခုကိုသာ မျှော်မှန်း၍ ရနိုင်မည်မဟုတ်ပေ။ သို့သော်လည်း Studio Ghibli ၏ လက်ရာများက အကြုံပြုသကဲ့သို့ပင် လက်တွေ့ဘဝတွင် ကျွန်ုပ်တို့ ကြုံတွေ့ရသည့် အခက်အခဲများသည် လှပတိုတောင်းသည့် ထိုအခိုက်အတံ့များကို ပို၍ပင် ရပ်သပ်အံ့သြဖွယ် ဖြစ်စေပေတော့မည်။

ချာလီချူဝါ (Charlie Chua) ဖန်တီးတင်ဆက်သည်

RECOMMEND POSTS

ページトップへ