TOP > ALL > ANIMATION > ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံး ဂျပန် အန်းနီးမေးရှင်း ရှင်ရှင်ဇာတ်ကား ၅ ကား
ANIMATION

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံး ဂျပန် အန်းနီးမေးရှင်း ရှင်ရှင်ဇာတ်ကား ၅ ကား

ဒီလိုအလန်းစား ဇာတ်ကားတွေမှာ ဖော်ကျူးထားတာကတော့ သဘာဝတရားနဲ့ ချစ်ခြင်းမေတ္တာတို့ပဲဖြစ်ပါတယ်။

ဆိုင်ရာဆိုင်ရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ပေါက်ခဲ့တဲ့ ဂျပန်အန်နီးမေးရှင်း ရုပ်ရှင်ဇာတ်ကားတွေအတွက် ၂၀၁၉ ခုနှစ်ဟာ လည်း အမှတ်ရဖွယ် နှစ်တစ်နှစ်ဖြစ်လာဦးမှာဖြစ်ပါတယ်။ (Your Name) လို့အမည်ရတဲ့ အန်နီးမေးရှင်းဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ မာကိုတို ရှင်ကိုင် (Makoto Shinkai) ရဲ့ဇာတ်ကားတွေကိုစောင့်မျှော်နေတဲ့ ပရိတ်သတ်တွေအတွက် (မင်းနဲ့အတူ) ဆိုတဲ့ အမည်နဲ့ နောက်ထပ်ဇာတ်ကားတစ်ကားထွက်ရှိလာခဲ့ပြီး ယခုနှစ်အတွက် ရောင်းအားအကောင်းဆုံးဇာတ်ကားတစ်ကားလို့ဆိုရင်လည်း မမှားပါဘူး။ အဲဒါနဲ့တစ်ပြိုင်နက်ထဲမှာပဲ ဒါရိုက်တာ မာဆာကီ ယူအာဆာ (Masaaki Yuasa) ကလည်း သူ့ရဲ့ပထမဆုံး အချစ်ဇာတ်လမ်း ဖြစ်တဲ့ (Ride Your Wave) ဇာတ်ကားနဲ့ ပရိတ်သတ်တွေ၊ ရုပ်ရှင်ဝေဖန်ရေးသမားတွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ (ဒိုရာမွန်၊ ကရေယွန်ရှင်ချန်) စတဲ့ဇာတ်ကားတွေရဲ့ ဒါရိုက်တာဖြစ်သူ ကိုင်ချီ ဟာရာ (Keiichi Hara) ကလည်း ၁၉၈၈ ခုနှစ်ကတည်းက ရောင်းအားကောင်းခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကိုအခြေခံပြီး (Birthday Wonderland) ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ ဒီနှစ်ထဲမှာထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေအပေါ်လွှမ်းမိုးထားတဲ့ အကြောင်းအရာတွေကတော့ “အခြေခံကို ပြန်ဆင်း” တယ်လို့ပဲဆိုရမလား။ သဘာဝတရားနဲ့ ကျွန်တော်တို့တွေရဲ့ကြားက ငြိမ်းချမ်းတဲ့ဆက်နွယ်မှုတွေကို ဖော်ကျူးထားတဲ့ ဇာတ်ကားတွေဖြစ်ပြီး ကျွန်တော်တို့ရှေ့ဆက်ခရီးနှင်ဖို့ရာ မပါမဖြစ်တဲ့ ချစ်ခြင်းမေတ္တာတရားကိုလည်း အင်အားအပြင်းဆုံးစိတ်စွမ်းအား အဖြစ် ချယ်မှုန်းထားကြပါတယ်။ ကဲ..အခု ပြောပြသွားမယ့် ဇာတ်ကားတွေက ၂၀၁၉ မှာထွက်ရှိခဲ့တဲ့ ဂျပန် အန်နီးမေးရှင်းရုပ်ရှင် ဇာတ်ကားတွေထဲက JFF မဂ္ဂဇင်းက ရွေးချယ်ပေးလိုက်တဲ့ အကောင်းဆုံး ဇာတ်ကား ၅ ကားဖြစ်ပြီး ပရိတ်သတ်ကြီးလည်း အကြိုက်တွေ့ ကြမယ်လို့မျှော်လင့်ပါတယ်။

1. ရေလှိုင်းပေါ်ဝယ် (きみと、波にのれたら)

(Mind Game) နဲ့ (Lu Over the Wall) တို့လို လျှို့ဝှက်သဲဖို ဆန်းဆန်းပြားပြားဇာတ်ကားတွေရိုက်နေရာက ဒါရိုက်တာ မာဆာကီ ယူအာဆာက (Ride Your Wave) ဆိုတဲ့ သူရဲ့ပထမဦး သာမာန်ဆယ်ကျော်သက် အချစ်ဇာတ်လမ်းလေးနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိတ်သက်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသူတစ်ဦးဖြစ်ပြီး ရေလွှာလှိုင်းစီးကစားရတာခုံမင်တဲ့ ဟီနာကို (Hinako) ကို သူ့လိုပဲ ရေလွှာလှိုင်းစီးရတာကို အလွန်စွဲလမ်းတဲ့ မီးသတ်သမားလေး မီနာတို (Minato) က မီးထဲက အသက် ကယ်လိုက်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီကစလို့ သူတို့နှစ်ဦးဟာချစ်ကျွမ်းဝင်သွားကြပြီး အတူတူရေလွှာလျှောစီးကြ၊ အတူတူရယ် မောကြနဲ့ ထာဝရရွှေလက်တွဲဖို့မျှော်လင့်နေခဲ့ကြပေမယ့် ဝမ်းနည်းစရာကံကြမ္မာအလှည့်အပြောင်းကြောင့် မီးသတ်သမားလေး မီနာတိုဟာ အခြားရေနစ်သူတစ်ဦးကို ကယ်တင်ဖို့ကြိုးစားရင်း အသက်ပေးလိုက်ရပါတယ်။ စိတ်သောကတွေနဲ့ ဝမ်းနည်းပူဆွေးရင်း စိတ်ဒဏ်ရာတွေ ကို ကုသဖို့ကြိုးစားနေတဲ့ ဟီနာကိုဟာ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ မီနာတိုရဲ့ပုံရိပ်ကို ပင်လယ်ရေမျက်နှာပြင်ထဲမှာ မြင်တွေ့လိုက်ရ ပါတယ်။ ဒါဟာ တကယ်ပဲသူလား၊ ပုံရိပ်ယောင်ပဲလားဆိုတာကတော့ ဆက်လက်ရှုစားကြရမှာဖြစ်ပြီး ဒါသည်ပင်လျှင် ဒါရိုက်တာ မာဆာကီရဲ့ ဇာတ်ကားပါလားဆိုတာကို ကျွန်တော်တို့ကိုအမှတ်ရမိစေတဲ့အချက်ဖြစ်ပါတယ်။ ဒီကားဟာ ထွက်ခဲ့ပြီးသမျှ ဒါရိုက်တာ မာဆာကီရဲ့ဇာတ်ကားတွေထဲက အကောင်းဆုံးကားတစ်ကားလို့ပြောရင် လွန်မယ်မထင်ပါဘူး။

သရုပ်ဆောင် –Ryota Katayose (ရိုင်ယိုတာကာတာယိုဆီ), RinaKawaei (ရီနာကာဝါအီ)
ဒါရိုက်တာ –Masaaki Yuasa (မာဆာကီ ယူအာဆာ)
ဝဘ်: kimi-nami.com

2. မင်းနဲ့အတူ (天気の子)

ဒါရိုက်တာ မာကိုတို ရှင်ကိုင်ဟာ သူ့ရဲ့ဝက်ဝက်ကွဲအောင်ပေါက်ခဲ့တဲ့ (Your Name) ဇာတ်ကားပြီးတဲ့နောက် နောက်တစ်ကား ထွက်လာဖို့ သုံးနှစ်နီးပါးလောက်ကြာခဲ့ပေမယ့် ပရိတ်သက်တွေအတွက်တော့ စောင့်ရတာတန်တယ်လို့ ဆိုရပါလိမ့်မယ်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်နေတာနဲ့ပတ်သက်လို့ ပေါက်ပေါက်ရှာရှာတွေးပြီးရိုက်ကူးထားတဲ့ ဒီ (မင်းနဲ့အတူ) ဆိုတဲ့ကားဟာဆိုရင် အထက် တန်းကျောင်းသားလေးတစ်ဦးဖြစ်တဲ့ ဟိုဒါကာတစ်ယောက် အိမ်ကနေ တိုကျိုကိုထွက်ပြေးလာပြီး ထုတ်ဝေရေးကုမ္ပဏီတစ်ခုမှာ အလုပ် လုပ်ရင်း အလုပ်တာဝန်တစ်ခုကြောင့် ဟီနာဆိုတဲ့မိန်းကလေးတစ်ဦးနဲ့ ဆုံတွေ့ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ထူးဆန်း တာက အဲဒီမိန်းကလေးဟာ ဆုတောင်းလိုက်ရုံနဲ့ ရာသီဥတုတွေကို ပြောင်းလဲပစ်နိုင်တဲ့အစွမ်းရှိသူတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦး အနေ နီးစပ်လာတာနဲ့အမျှ ဟီနာရဲ့လျှို့ဝှက်ချက်တွေကိုရိပ်စားမိသွားပြီး ဟိုကာဒါအနေနဲ့အဲဒါကို ဘယ်လိုသဘောထားမလဲ ရာသီဥတုတွေနဲ့ သူတို့ရဲ့အနာဂတ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြရမှဖြစ်ပါတယ်။ ဒီ (မင်းနဲ့အတူ) ဆိုတဲ့ ဇာတ်ကားဟာ စတင်ဖြန့်ချိခဲ့တဲ့ ဇူလိုင်လကစပြီး ယန်းငွေ ၁၃ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ပြီး ပြည်တွင်းကဖြန့်ချိတဲ့ ဇာတ်ကားတွေထဲမှာ ဆိုရင်လည်း အခုအချိန်အထိ Box Office ရဲ့ထိပ်ဆုံးစာရင်းဝင်အဖြစ် ရပ်တည်လျက်ရှိပါတယ်။

သရုပ်ဆောင် –Kotaro Daigo (ကိုတာရို ဒိုင်ဂို), Nana Mori (နာနာ မိုရီ)
ဒါရိုက်တာ –Makoto Shinkai (မာကိုတို ရှင်ကိုင်)
ဝဘ်: tenkinoko.com

3. ပင်လယ်၏ ရင်သွေးများ (海獣の子供)

စာရေးဆရာ ဒိုင်ဆူကီ အီဂါရာရှီ (Daisuke Igarashi) ရဲ့ မန်ဂါ ရုပ်ပြဇာတ်လမ်းဖြစ်တဲ့ (Children of the Sea) ကိုပဲ အလားတူနာမည်ပေးပြီး အသက်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီကားကို ရိုက်ကူးဖို့အတွက် (Mind Game, Tekkonkinkreet) တို့ကိုဖန်တီး ခဲ့တဲ့ Studio 4°C အဖွဲ့ဟာ မနားမနေဖန်တီးရေးဆွဲခဲ့ရာတာဖြစ်ပြီး အဲဒီကားပြီးသည်အထိဆိုရင် ၆ နှစ်တိတိ ကြာမြင့်ခဲ့ပါတယ်။ ရလဒ်က တော့ ကျွန်တော်တို့တွေတစ်ခါမှမမြင်ဘူးသေးတဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေကို မြင်တွေ့ခွင့်ရကြမှာဖြစ်ပါတယ်။ ဇာတ်လမ်းက တော့ အထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ ရူကာဟာ ခဏခဏပြဿနာတက်လို့ဆိုပြီး ကျောင်းတွင်းကလပ်ကနေ အထုတ်ခဲ့လိုက်ရတဲ့အခါ စိတ်ပြေလက်ပျောက်ဖြစ်အောင် သူ့အဖေအလုပ်လုပ်တဲ့ ငါးပြတိုက်မှာ သွားနေခဲ့ပါတယ်။ မှန်သားပြင်ကနေ ပင်လယ်ရေသတ္တဝါတွေကို ကြည့်နေတုန်း အခြားရေသတ္တဝါတွေလောက်နီးနီး ရေးကူးကျွမ်းကျင်နေတဲ့ ကောင်လေးနှစ်ယောက်ကို အမှတ်မထင်မြင်တွေ့လိုက်ရပါ တယ်။ အဲဒီလိုနဲ့ အူမီ (ပင်လယ်) နဲ့ ဆိုရာ (ကောင်းကင်) လို့အမည်ရတဲ့ ကောင်လေးနှစ်ယောက်ဟာ သူမရဲ့သူငယ်ချင်းတွေဖြစ်လာပြီး သူတို့သုံးယောက်ဟာ စိတ်ကူးပေါက်ရာ စွန့်စားခန်းတွေ ဖွင့်ခဲ့ကြပါတော့တယ်။ အဲဒီအချိန်မှာပဲ မမျှော်လင့်ဘဲ တစ်ကမ္ဘာလုံးက ပင်လယ် သမုဒ္ဒရာတွေကို ပြောင်းလဲမှုတွေဖြစ်စေမယ့် ထူးဆန်းတဲ့အရာတွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့….။ ဒီကိစ္စဟာ ယူမီနဲ့ ဆိုရာတို့နဲ့ တစ်နည်း တစ်ဖုံ ပတ်သက်နေမလားဆိုတာတော့ ပရိတ်သက်ကြီးပဲ ဆက်လက်ရှုစားကြဖို့ဖြစ်ပါတယ်။

သရုပ်ဆောင် –ManaAshida (မာနာအာရှီဒါ), HiiroIshibashi (ဟိုင်ရို အီရှီဘာရှီ), SeishuUragami (ဆိုင်ရှူ အူရာဂါမီ)
ဒါရိုက်တာ –Ayumu Watanabe (အယုမု ဝါတာနာဘီ)
ဝဘ်: www.kaijunokodomo.com

4. သူ့ကောင်းကင်ပြာ (空の青さを知る人よ)

တစ်ကြိမ်၊ နှစ်ကြိမ်တင်မက သုံးကြိမ်တိုင်အောင် ချစ်ကျွမ်းဝင်ခဲ့ကြတဲ့အကြောင်း ရိုက်ကူးထားတဲ့ (သူ့ကောင်းကင်ပြာ) ဆိုတဲ့ ဇာတ်ကားဟာဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ၁၃ နှစ်စီခြားပြီးမွေးလာခဲ့ပြီး မိဘတွေဆုံးပါးခဲ့တာကြောင့် ပြေးကြည့်လို့မှ ညီအစ်မလေးနှစ်ယောက်သာရှိတဲ့ အာကာနီနဲ့ အွိုင်တို့ညီအမအကြောင်းကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ အွိုင်က အထက်တန်း ကျောင်းသူတစ်ဦးဖြစ်ပြီး တစ်နေ့မှာ ရော့ခ် အဆိုတော်တစ်ဦးဘဝနဲ့ အောင်မြင်ကျော်ကြားပြီး လူချစ်လူခင်များတဲ့ဘဝကို မျှော်လင့်နေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အစ်မကြီး အမိရာဆိုသလို အွိုင်ရဲ့အမေလိုဖြစ်နေတဲ့ အာကာနီကတော့ အွိုင်တစ်ယောက် အဆင်ပြေ ပျော်ရွှင်ဖို့ဆိုရင် သူ့အတွက်ကိုတောင်မငဲ့ဘဲ မေတ္တာပေးနေသူတစ်ဦးဖြစ်ပါတယ်။ အဲဒီညီအမနှစ်ဦးကြားထဲကို လွန်ခဲ့တဲ့ ၁၃ နှစ်က တည်းက အာကာနီနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး အခုရော့ခ်အဆိုတော်ဖြစ်နေသူ ရည်းစားဟောင်းက ဇာတိမြေကိုပြန် လာရင်းဝင်ရောက်လာ ခဲ့ပါတော့တယ်။ သူက တော်တော်လေးပြောင်းလဲသွားပြီလို့ပြောလို့ရသလို မပြောင်းလဲသေးဘူးလို့ပြောရင်လည်း ရပါတယ်။ နောက်ဆုံးပိတ်မေးရမယ့်မေးခွန်းကတော့ အာကာနီနဲ့ အွိုင်တို့ညီအစ်မတွေ အချင်းချင်း မေတ္တာတရားတွေဖလှယ်နိုင်ကြပါဦးမလား သူတို့ အတွက်ပဲ သူတို့ငဲ့မလားဆိုတာကိုတော့ ဆက်လက် ရှုစားကြရမှာဖြစ်ပါတယ်။

သရုပ်ဆောင် –Ryo Yoshizawa (ရိုင်ယို ယိုရှီဇာဝါ), Riho Yoshioka (ရီဟို ယိုရှီအိုကာ), Shion Wakayama (ရှီအွန် ဝါကာယာမ)
ဒါရိုက်တာ –Tatsuyuki Nagai (တတ်ဆူယူကီ နာဂိုင်)
ဝဘ်: soraaoproject.jp

5. အံ့ဖွယ်ကမ္ဘာ (バースデー・ワンダーランド)

(Alice in Wonderland) လိုမျိုး စိတ်ကူးယဉ်ဆန်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ (Birthday Wonderland) ဟာဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလုံးဝမရှိတဲ့ အာကာနီဆိုတဲ့မိန်းကလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ သူ့မွေးနေ့မတိုင်ခင် တစ်ရက်အလိုမှာ အတန်းဖော်တွေနဲ့မတွေ့လိုတာကြောင့် ကျောင်းပြေးပြီး သူ့အမေကိုကူတဲ့အနေနဲ့ သူငယ်ချင်းဖြစ်သူရဲ့စတိုးဆိုင်မှာ ဈေးသွားဝယ်ပေးတဲ့အခါမှာတော့ ဒီထက်ပိုကြီးတဲ့ ပြဿနာနဲ့ရင်ဆိုင်ရပါတော့တယ်။ အဲဒါကတော့ ကမ္ဘာကြီးကိုကယ်တင်နိုင်ဖို့ရာ အတွက် လျှို့ဝှက်ဆန်းကြယ်ခရီးကိုစတင်ခဲ့ရတာပဲဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး အာကာနီတစ်ယောက် ထူးထူးဆန်းဆန်း သတ္တဝါတွေ၊ တစ်ခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအတွေ့အကြုံတွေကို လက်တွေ့ကြုံတွေ့ရပါတော့တယ်။ အဲဒီထဲက သူ့အတွက် အထူးဆန်းဆုံးကတော့ သူ့ဘဝမှာတစ်ခါမှမကြုံဘူးသေးတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ပြန်လည်တွေ့ရှိရခြင်းပါပဲ။ Sachiko Kashiwaba ရဲ့ ၁၉၈၈ ခုနှစ်ထုတ် ကလေးစာအုပ်ဖြစ်တဲ့ မြေအောက်ခန်းမှ အံ့ဖွယ်ခရီးစဉ် (Chikashitsu Kara no Fushigina Tabi) ကိုအခြေခံထားတဲ့ (Birthday Wonderland) ဟာဆိုရင် ကိုယ့်ဘဝမှာ တစ်ခါတစ်လေ မမျှော်လင့်ဘဲကြုံလာရတတ်တဲ့ အခွင့်အရေးတွေကို ဖမ်းဆုပ်လိုက် နိုင်ဖို့ရာ ယုံကြည်မှုကို ဘယ်လို မွေးယူရမယ်ဆိုတာကို ကောင်းကောင်းဖော်ညွှန်းနိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

သရုပ်ဆောင် –Mayu Matsuoka (မာယု မတ်ဆူအိုကာ), Anne (အန်နီ)
ဒါရိုက်တာ –Keiichi Hara (ကိုင်ချီ ဟာရာ)
ဝဘ်: wwws.warnerbros.co.jp/birthdaywonderlandc

လျှို့ဝှက်ဆန်းကြယ်၊ အံ့အားသင့်ဖွယ်ပုံရိပ်တွေနဲ့ လူကြီးလူငယ်အားလုံးနှစ်သက်စေမယ့် ဒီဇာတ်ကားတွေဟာဆိုရင် ကျွန်တော် တို့ကို ၂၀၁၉ ခုနှစ်မှာ ဖန်သားပြင်ရှေ့က မခွာနိုင်အောင် လုပ်ထားနိုင်မယ့် အန်နီးမေးရှင်းဇာတ်ကားကောင်းတွေထဲ အချို့အဝက်သာ ဖြစ် ပါတယ်။ ကဲအခု လက်ထဲမှာ ပေါက်ပေါက်ဆုပ်တွေဘာတွေလည်း အသင့်ရှိနေပြီဆိုရင်တော့ အဲဒီကားတွေကို တစ်နေ့တည်းနဲ့ အပြတ် ကြည့်လိုက်ကြရအောင်လားဗျာ။

စာသား – ဂျပန်ရုပ်ရှင်ပွဲတော် အယ်ဒီတာအဖွဲ့

RECOMMEND POSTS

ページトップへ