TOP > ALL > ANIMATION HORROR > ရုပ်ရှင်ပိတ်ကားတွေထက်က ဂျပန်ပေါ့ပ်ယဉ်ကျေးမှုကိုအခြေခံထားတဲ့ သင့်ကိုအမြဲလန်းနေစေမယ့် ဟောလိုးဝင်းဝတ်စုံ (၃) စုံ
ANIMATION
HORROR

ရုပ်ရှင်ပိတ်ကားတွေထက်က ဂျပန်ပေါ့ပ်ယဉ်ကျေးမှုကိုအခြေခံထားတဲ့ သင့်ကိုအမြဲလန်းနေစေမယ့် ဟောလိုးဝင်းဝတ်စုံ (၃) စုံ

ကဲ…ဒီနှစ်မှာတော့ ဟောလိုးဝင်းညရဲ့ ‘ကျွေးမလား-အခြောက်ခံမလား’ ဆိုတဲ့အတွေ့အကြုံကို လုံးဝဆန်းသစ်တဲ့ပုံစံနဲ့ လုပ်ကြည့်ဖို့ အသင့်ဖြစ်နေပြီမဟုတ်လား

ဟောလိုးဝင်းယဉ်ကျေးမှုဟာ ကမ္ဘာ့နေ့ရာတိုင်းမှာ ကျင့်သုံးနေတဲ့ ရိုးရာဓလေ့တစ်ခုလို့မဆိုနိုင်ပေမယ့် ယဉ်ကျေးမှုတွေ၊ နယ်နိမိတ်တွေဘယ်လိုပဲခြားထားစေကာမူ ကျွန်တော်တို့တွေအချင်းအချင်း တစ်သားတည်းဖြစ်စေဖို့ ဆိုရင်တော့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အခြားပုဂ္ဂိုလ်တစ်ဦးဦးရဲ့နေရာမှာ (ပြောရရင် ရင်ဘတ်ချင်းချိတ်ဆက် ကြည့်တာပေါ့လေ) ဝင်ရောက်ခံစားကြည့်ကြဖို့ပဲဖြစ်ပါတယ်။ အနည်းဆုံး တစ်ရက်လောက်ပဲဖြစ်ဖြစ်ပေါ့…။ နာမည် ကျော်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဒါမှမဟုတ် ကလေးတုန်းက ကိုယ်အကြိုက်ဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ကိုယ့်ပုံစံနဲ့လုံးဝမတူတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ နေထိုင်ကြည့်သင့်ပါတယ်။ ဒီလို ကမ္ဘာနဲ့အဝှမ်းအသိအမှတ်ပြုလာရတဲ့ အကြောင်းပြချက်ကြောင့်ပဲ ဟောလိုးဝင်းယဉ်ကျေးမှုက အရန်သင့် ပေါ်ပေါက်လာရတယ်လို့ဆိုနိုင်ပါတယ်။ အနည်း ဆုံးတော့ ဒီယဉ်ကျေးမှုက ကျွန်တော်တို့ကို သက်တောင့်သက်သာရှိနေပါတယ်ဆိုတဲ့ နယ်ပယ်ထဲကထွက်ပြီး တစ်ရက် လောက်ပဲဖြစ်ဖြစ် အလန်းစားဝတ်စားနေထိုင်ကြည့်ဖို့ တိုက်တွန်းနေတယ်ဆိုရင်လည်း မမှားပါဘူး။

နာမည်ကျော်ဇာတ်ကောင်တွေအတိုင်း ပုံစံတူဝတ်စားဆင်ယင်တဲ့ယဉ်ကျေးမှုဖြစ်တဲ့ Cosplay Culture ရဲ့ ဘူမိနက်သန်လို့ဆိုရမယ့် ဂျပန်နိုင်ငံဟာဆိုရင် ဟောလိုးဝင်းယဉ်ကျေးမှုကိုလည်း သဘာဝအတိုင်း လက်ခံကျင့်သုံး လျက်ရှိပြီး ဂျပန်ပြည်မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့ လူစိတ်ဝင်စားမှုအမြင့်ဆုံးပွဲတော်တွေထဲက တစ်ခုအဖြစ် သိရှိလာတာ သိပ်မကြာသေးပါဘူး။ ဟောလိုးဝင်းပွဲတော်တွေကို ၁၉၇၀ နဲ့ ၁၉၈၀ နှစ်တွေကတည်းက ကျင်းပလာတယ်လို့ဆိုကြ ပေမယ့် ဂျပန်တစ်နိုင်ငံလုံးမှာ နိုင်ငံနဲ့အဝှမ်းလူသိများလာတာကတော့ တိုကျိုဒစ်စနေးလန်းနဲ့ အိုဆာကာ ယူနီဗာဆယ် စတူဒီယိုတို့က ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာ ဟောလိုးဝင်းပွဲတွေကို စတင်ကျင်းပလာတဲ့အချိန်ကြမှဖြစ်ပါတယ်။ ယနေ့ခတ်မှာတော့ ပွဲတော်ရဲ့ကျော်ကြားမှုဟာ နှစ်စဉ်တစ်စထက်တစ်စ အားကောင်းလာတယ်လို့ဆိုနိုင်ပြီး ၂၀၁၈ ခုနှစ်တစ်ခုတည်းမှာတင် ဟောလိုးဝင်းဈေးကွက်ဟာ ဂျပန်ယန်းငွေ ၁၂၄ ဘီလီယံအထိ ရောက်ရှိခဲ့တယ်လို့ ခန့်မှန်း ထားကြပါတယ်။ အောက်တိုဘာလရောက်ပြီဆိုတာနဲ့ ရှိရှိသမျှစတိုးဆိုင်တွေ၊ သကြားလုံးဆိုင်တွေကနေ လမ်းပေါ် စီတန်းလှည့်လည်ပွဲတွေ၊ ရင်သပ်ရှုမောလောက်အောင် ဖန်တီးမှုအားကောင်းတဲ့ ဝတ်စားဆင်ယင်မှုတွေအထိ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ဂျပန်ပြည်တစ်ပြည်လုံး မရိုးမရွနဲ့ ဟောလိုးဝင်းပိုးဝင်ကြတော့တာပါပဲ။

ဒါပေမယ့် ဟောလိုးဝင်းညမှာ ပုံမှန်လုပ်နေကျ “မုန့်ကျွေးမလား-အခြောက်ခံမလား” ဆိုတဲ့အလေ့အထမျိုး မဟုတ်ဘဲ ဂျပန်ပြည်က ဟောလိုးဝင်းညကျင်းပပုံကတော့ ဝတ်ပုံစားပုံကိုအဓိကထားတဲ့ ဓလေ့မျိုးဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အဝတ်အစားပုံစံကို သူများနဲ့မတူအောင်ဖန်တီးနိုင်လေလေ ကောင်းလေလေပဲပေါ့။ နှစ်စဉ် အောက်တိုဘာလရဲ့ နောက်ဆုံးရက်တွေရောက်တာနဲ့ တိုကျိုနဲ့ အခြားမြို့ကြီးတွေရဲ့လမ်းမတွေထက်မှာ လူတွေထောင်နဲ့ချီပြီး စီတန်းလမ်း လျှောက်ကြ၊ ကမ္ဘာကျော်စိတ်ကူးယဉ်၊ ဒါမှမဟုတ် သရုပ်မှန်ဇာတ်ကောင်တွေရဲ့ပုံစံမျိုးတွေဝတ်စားပြီး ဖက်ရှင်ရှိုးပွဲ တွေ၊ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ကြနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြလေ့ရှိပါတယ်။ အကြမ်းဆုံးလို့ဆိုရမယ့် ပါတီပွဲ တွေကိုတော့ တိုကျိုမြို့ရဲ့ရှီဘူယာခရိုင်မှာ ကျင်းပကြတာဖြစ်ပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားကြတဲ့လူအုပ်ကြီးတွေဟာ လမ်းပေါ်မှာ ညလုံးပေါက်လျှောက်သွားကြတာဖြစ်ပါတယ်။ သူ့အနီးက ကာဝါဆာကီမြို့ဟာဆိုရင်လည်း ပြည်သူတွေ ထဲက ဖန်တီးနိုင်မှုအားကောင်းပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့သူတွေအတွက် ဆုချီးမြှင့်ပေးတဲ့ လမ်းပေါ်စီတန်းလမ်း လျှောက်ပွဲတွေကို နှစ်စဉ်ကျင်းပပေးတာကြောင့် အဝတ်အစားဒီဇိုင်းနဲ့ပတ်သက်လာရင် ပညာပြချင်တဲ့ဂုရုတွေကိုပါ ဆွဲဆောင်လျက်ရှိပါတယ်။

အခု ဒီနှစ်မှာဆိုရင်လည်း နောက်ထပ်ဟောလိုးဝင်းပွဲတော်တစ်ခုကို ကျင်းပဖို့အချိန် ကျရောက်လာတော့မှာ မို့ ဂျပန်ပေါ့ပ်ယဉ်ကျေးမှုနဲ့ ရုပ်ရှင်တွေထဲက ကျွန်တော်တို့အကြိုက်ဆုံးဇာတ်ကောင်တွေရဲ့ အဝတ်အစားပုံစံတွေကို အနည်းငယ်တင်ပြပေးလိုက်ပါတယ်။ သင့်အနေနဲ့ ဒီနှစ်အတွက် ဟောလိုးဝင်းဝတ်စုံကို မစဉ်းစားရသေးလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်စုံတစ်ယောက်အတွက် ဝတ်စုံဖန်တီးပေးချင်လို့ပဲဖြစ်ဖြစ် ဒီဇိုင်းလိုက်ရှာနေတယ်ဆိုရင်တော့ အဲဒီလို ဖန်တီးနိုင်ဖို့အတွက်အခွင့်အရေးကို အခုဒီကပဲ အရယူလိုက်ပါ။

၁။ ဂင်တိုကီ ဆာကာတာ (ဂင်တာမာ, ၂၀၁၇) – အားလုံးရဲ့အသည်းကျော် ဆာမူရိုင်း ရုပ်ပြဇာတ်ကောင်

မိမိဝတ်စားမယ့်ဇာတ်ကောင်က ခပ်တုံးတုံးခပ်အအ ဂိုက်ဆိုက်မျိုးနဲ့ နေတတ်သူလည်းဖြစ်ရမယ်၊ ဆော်ပ လော်တီးတဲ့နေရာမှာလည်း လက်သံပြောင်ရမယ်၊ ရူပါကလည်း လုံးဝအလန်းစားမျိုးဖြစ်ရမယ်ဆိုရင်တော့ ဂင်တိုကီ ဆာကာတာကလွဲရင် တစ်ခြားဘယ်သူများရှိဦးမှာလဲ။

နာမည်ကျော် အန်နီမေးရှင်းဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တစ်ကောင်ဖြစ်ပြီး ဂင်တာမာရုပ်ရှင်ကားထဲမှာ တော့ တစ်ကယ့်လူသားဇာတ်လိုက်အဖြစ် သရုပ်ဆောင်ထားတဲ့ ဂင်တိုကီဟာဆိုရင် ရှေးခတ်ဂျပန်ပြည်က တိုက်ရည် ခိုက်ရည်အင်မတန်ကောင်းတဲ့ တော်လှန်ရေးသမား ဆာမူရိုင်းတစ်ဦးဖြစ်ပါတယ်။ ရှေးဂျပန်ပြည် အီဒိုခေတ်မှာ ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုဟ်သားတွေကို တိုက်ခိုက်နှိမ်နှင်းပြီးတဲ့နောက် သူ့တစ်ကိုယ်ရည် အသုံးစရိတ်တွေ ကာမိစေဖို့ ဆူရှီဆိုင်လက်ထောက်အလုပ်သမားဘဝကနေ စုံထောက်အလုပ်အထိ ကြုံရာကျပန်း လုပ်ကိုင်နေရသူ တစ်ဦးဖြစ်ပါတယ်။ လက်ဖျားခါလောက်တဲ့ တိုက်ရည်ခိုက်ရည်ရှိသူ၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ် ခင်မင်ဖော်ရွေသူ၊ ဒါတင်မက အများနဲ့မတူတဲ့ ဟာသဉာဏ်ရှိသူ စတဲ့အရည်အချင်းအမျိုးမျိုးကို တစ်ပြိုင်နက် ပိုင်ဆိုင်ထားတာကြောင့် သူ့လိုမျိုး အနည်းဆုံးတစ်ရက်ပဲဖြစ်ဖြစ် ဖြစ်ခွင့်ရှိချင်လာအောင် ကျွန်တော်တို့ကို ဆွဲဆောင်နေသူလည်းဖြစ်ပါတယ်။

သင်လိုမယ့်အရာတွေ – ငွေရောင်ဆံပင်တု အတိုတစ်ခု၊ ခပ်ကျပ်ကျပ် ဘောင်းဘီအနက်တစ်ထည်၊ အနက်ရောင် ဘွတ်ဖိနပ်တစ်စုံ၊ ကော်လာအနီနဲ့ ကြယ်သီးအစင်းတွေပါတဲ့ အနက်ရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ခါးပတ်၊ အဖျားမှာ အပြာရောင်လှိုင်းတွေပါတဲ့ ကီမိုနိုအဖြူ၊ သစ်သားတုတ်။

စိတ်ကူးစိတ်သန်းရဖို့ရာအတွက်ကြည့်ချင်သေးတယ်ဆိုရင်

၂။ အီချီဂို ကူရိုဆာကီ (BLEACH, 2018) – အိနြေ္ဒကြီးတဲ့စွမ်းအားရှင်

လူကြိုက်များလွန်းတဲ့ Bleach ရုပ်ပြဇာတ်လမ်းတွဲထဲက လိမ္မော်ရောင်ဆံပင်နဲ့ စွမ်းအားရှင်သူရဲကောင်းဟာ အားလုံးရဲ့အာရုံစိုက်မှုကို သိမ်းကြုံးရယူသွားတယ်လို့ဆိုနိုင်ပါတယ်။ ရုတ်တရက်ကြည့်ရင် အထက်တန်းကျောင်းသား လေးတစ်ယောက်ဖြစ်ပေမယ့် စိတ်ဝင်စားဖွယ်အလှည့်အပြောင်းတစ်ခုကြောင့် ဝိဉာဉ်တွေကို သုတ်သင်ရှင်းလင်းသူ တစ်ဦးဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။ သူ့မိသားစုကို လမ်းပျောက်နေတဲ့ဝိဉာဉ်တစ်ခုရဲ့ အန္တရာယ်ကနေကာကွယ်ဖို့ ကြိုးစားရင်း အီချီဂိုကူရိုဆာကီဟာ သေဆုံးသွားသူတွေရဲ့ ဝိဉာဉ်တွေကိုပါ ကာကွယ်ပေးပြီး သူတို့တွေ အေးအေးချမ်း ချမ်း ဘဝကူးနိုင်အောင် မရဏဘုံကိုလမ်းပြပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အခြားဟီးရိုးဇာတ်ကောင်တွေလိုပါပဲ ကူရိုဆာကီအနေနဲ့လည်း “အန္တရာယ်ရန်စွယ်” တွေကို တွန်းလှန်ဖယ်ရှားပြီး ငြိမ်းချမ်းမှုရှာမတွေ့သေးလို့ လမ်းပျောက် နေတဲ့ဝိဉာဉ်တွေ ရှေ့ဆက်ခရီးနှင်နိုင်အောင် အခက်အခဲတွေကို ကူညီဖြေရှင်းပေးရပါတယ်။ ရုပ်တည်ကြီးနဲ့ သံယော ဇဉ်မထားတတ်သူ၊ အသည်းမာသူလို့ အစပိုင်းမှာထင်ရပေမယ့် ကူရိုဆာကီရဲ့ပရိတ်သတ်တွေကတော့ ဒါဟာသူ့ရဲ့ တကယ့်အသွေးအရောင်မဟုတ်သေးဘူးဆိုတာ သိထားကြပါတယ်။ ဒီတော့ ဒီဟောလိုးဝင်းမှာ သူ့ရဲ့တကယ့် အသွေးအရောင်ကို ထုတ်ပြဖို့က သင့်တာဝန်ပဲဖြစ်တော့မှာပေါ့။

သင်လိုမယ့်အရာတွေ – ထိုးထိုးထောင်ထောင်နဲ့ လိမ္မော်ရောင်ဆံပင်တုတစ်ခု၊ အညိုရောင်မျက်ကပ်မှန်တစ်စုံ၊ အကုန် လုံးအမည်း သို့မဟုတ် အမဲရောင်ပါတဲ့စကတ်ခပ်ပွပွနဲ့ ဘောင်းဘီတို၊ အနက်ရောင်ဂျာကင်အင်္ကျီ၊ ခပ်ကျပ်ကျပ်တစ် ထည်၊ အနက်ရောင်ပိတ်သားခါးပတ်၊ အဖြူရောင်တာဘီခြေအိတ်တစ်စုံ၊ ကောက်ရိုးကြိုးသိုးဖိနပ်တစ်ရံ၊ ခပ်ကြီးကြီး သံမဏိဓါးတစ်လက်။

စိတ်ကူးစိတ်သန်းရဖို့ရာအတွက်ကြည့်ချင်သေးတယ်ဆိုရင်

၃။ ဆေလာမွန်း (အလှပဂေး စွမ်းအားရှင်မလေးများ ရုပ်ရှင်, ၂၀၂၀) – ချစ်စရာကောင်းပေမယ့် ဘယ်သူမှလာမစရဲ လောက်အောင် ဇပြင်းတဲ့သူ

သင်ကစိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူဖြစ်ကြောင်း အားလုံးကိုသိစေချင်နေတာလား။ သင့်အနားက မကောင်းဆိုးဝါးမှန်သမျှကို တိုက်ခိုက်ရဲတဲ့ဇနဲ့ (စွမ်းအား) ရှိသူ တစ်ယောက်ဖြစ်ချင်နေတာလား။ သင်က အရွယ်ငယ် သလောက် ဘယ်သူကမှလာမစရဲတဲ့ အဆိပ်ပြင်းတဲ့ မိန်းကလေးတစ်ဦးဖြစ်ချင်နေတာလား။ ဒါဆိုရင်တော့ ဆေလာ မွန်းဇာတ်ကောင်ဝတ်စုံက ဒီဟောလိုးဝင်းမှာ သင့်အတွက် လုံးဝကွက်တိပဲလို့ ဆိုနိုင်ပါတယ်။ စာရေးဆရာမ နာအိုကို တာကေအူချီရဲ့ ကမ္ဘာကျော်ရှိုဂျို ရုပ်ပြဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ဆေလာမွန်းဟာဆိုရင် ကျောင်း အမြဲနောက်ကျတတ်တဲ့၊ အငိုသန်ပြီး စာမေးပွဲတွေမှာ ဘယ်တော့မှ အခြေအနေမကောင်းတဲ့ အထက်တန်းကျောင်းသူ လေးတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူကကမ္ဘာကြီးကို မကောင်းဆိုးဝါးတွေရန်ကနေ ကာကွယ်ပေးဖို့ကံပါလာတဲ့ သူဖြစ်တာကြောင့် “ချစ်ခြင်းမေတ္တာနဲ့ တရားမျှတမှု” တွေအတွက်တိုက်ပွဲဝင်မယ့် စစ်သည်တစ်ဦးဖြစ် လာတဲ့အခါမှာ တော့ ဘယ်အရာကမှသူ့ကို တားဆီးလို့မရတော့ပါဘူး။ ဟန်ဆောင်မှုကင်းပြီး ချစ်ဖို့ကောင်းသူ၊ ပကတိလူသားပုံနဲ့ တောင်မှ ကြောက်စရာအကောင်းဆုံးမိစ္ဆာတွေကို နှိမ်နင်းနိုင်တဲ့ စွမ်းအားရှိသူ၊ အင်မတန်ရှည်လျားတဲ့ သူ့ဆံပင်တွေနဲ့ တိုက်ခိုက်နိုင်စွမ်းရှိသူဆိုတော့ အနည်းဆုံး တစ်နေ့လောက်ပဲဖြစ်ဖြစ် သူ့လိုမဖြစ်ချင်တဲ့သူ ဘယ်သူများရှိဦးတော့မှာ လဲ။

သင်လိုမယ့်အရာတွေ – တော်တော်လေးရှည်တဲ့ ရွှေရောင်ဆံပင်တုတစ်ခု၊ အပြာရောင်အလတ်စား စကတ်တစ်ထည်၊ အနီရောင်ဘွတ်ဖိနပ်ရှည်တစ်ရံ၊ အဖြူရောင်ခပ်ကျပ်ကျပ်ရှပ်အင်္ကျီတစ်ထည်၊ အနီရောင်ဖဲကြိုး ခပ်ကြီးကြီးတစ်ခု လက်ဖျံအထိ စွပ်လို့ရတဲ့ အဖြူရောင်လက်အိပ်ရှည်တစ်စုံ။ Sailor Moon ခေါင်းစည်းကြိုးတစ်ခု။

စိတ်ကူးစိတ်သန်းရဖို့ရာအတွက်ကြည့်ချင်သေးတယ်ဆိုရင်

ကမ္ဘာ့ဘယ်နေရာမှာပဲရှိနေပါစေ…ဟောလိုးဝင်းနေ့မှာ ပျော်ရွှင်ပါစေ..!

Rose Haneda ရေးသားသည်

RECOMMEND POSTS

ページトップへ