TOP > ALL > GENERAL > ၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၁
GENERAL

၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၁

ရယ်ရွှင်စရာ လွမ်းမောငိုရှိုက်စရာတွေနဲ့အတူ နောက်ဆုံးထွက် ဂျပန်ရုပ်ရှင်ကားများ

စိတ်လှုပ်ရှားစရာ ဇာတ်ကားတွေ၊ စိတ်ခွန်အားဖြစ်စေပြီး နောက်ထပ် ဖြစ်ရပ်မှန်တစ်ခုစီ စိတ်ကူးယဉ် ခရီးနှင် စေနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ ကြည့်ရတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ဂျပန်ရုပ်ရှင် လုပ်ငန်းဟာ အောင်မြင်တဲ့ ဖျော်ဖြေရေးဆိုတာထက်ကို သာလွန်ထူးခြားကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ကို ရုပ်ရှင်ရုံ ထိုင်ခုံ မှာ ကော်နဲ့ကပ်ထားသလို မခွာချင်အောင်ကို ဖြစ်စေခဲ့တယ်။ အကြောင်းရင်းက တစ်ခုထဲ ရိုးရိုးလေးပါ။ ၂၀၁၈ ဂျပန်ရုပ်ရှင် တွေဟာ လွယ်လင့်တကူ ဆက်စပ်ကြည့်နိုင်တဲ့ ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး စိတ်ခံစားချက်တွေကို ဆွဲဆောင်နေခြင်း ကြောင့်ပါ။ အခု ဒီနှစ်အတွင်း ကျွန်တော်တို့ နှလုံးသားကို အနိုင်ယူသွားပြီး၊ ကျွန်တော်တို့ တဖွဖွ ပြောဖြစ်နေကြတဲ့ ဇာတ်ကား ၅ ကားကို တင်ဆက်လိုက်ပါတယ်။ ကံမကောင်းစွာနဲ့ ယနေ့မျက်မှောက်ခေတ် ပျားပန်းခတ်လူနေမှုဘ၀ရဲ့ သားကောင်ဖြစ်နေရတဲ့ ကျွန်တော်တို့အနေနဲ့ ဘ၀အမောတွေကို တဒင်္ဂမေ့လျော့ပြီး ဘ၀ရဲ့အနှစ်သာရတွေကို တွေးမိလာ စေတဲ့ ဇာတ်ကားတွေလည်း ဖြစ်ပါတယ်။

1.၁။ ချီဟာယာဖူရူ- အပိုင်း ၃ (ちはやふる-結び-)

“အခွင့်အလမ်း” ဆိုတာ လှည့်ဖွင့်စရာလက်ကိုင်မရှိတဲ့ တံခါးတစ်ခုလိုပဲတဲ့။ သင်ကိုယ်တိုင်ဖွင့်လို့ မရပါဘူးလို့ ကျွန်တော်တို့ကြားဖူးတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က လာဖွင့်ပေးရင်တော့ အခန်းထဲကို သင်ရောက်မယ်။ အထဲမှာ ဘာတွေပဲရှိနေရှိနေ၊ အခွင့်အလမ်းကိုဆုပ်ကိုင်ဖို့ မျက်စိစုံမှိတ်ပြီး ပစ်ဝင်လိုက်မယ်။ အဲဒီယူကီဆူအက်ဆူဂူရဲ့ နာမည် ကျော်ရုပ်ပြဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ဖန်တီးထားတဲ့ နောက်ဆုံးဇာတ်လမ်းတွဲ ချီဟာယာဖူရူ-အပိုင်း-၃ ဇာတ်ကားဟာ ဇာတ်သိမ်းပိုင်းဖြစ်သလို အခွင့်အလမ်းသစ်တွေဖမ်းဆုပ်ရင်း ဘ၀ခရီးကိုအစပြုခြင်းဆိုတဲ့ အကြောင်းအရာကိုလည်း ခံစား တင်ပြထားတယ်။ နာမည်ကြီးဇာတ်ဆောင်တွေဖြစ်တဲ့ ချီဟာယာ (ဆူဇူဟီရိုစီ)၊ တိုင်ချီ (ရှုဟေးနိုမူရာ) နဲ့ အာရက်တာ (မက်ကန်နူ အာရက်တာ) တို့ ၃ ဦးသား အထက်တန်းကျောင်းတော်ကြီးကို နှုတ်ဆက်ထွက်ခွာဖို့ အသင့်ဖြစ်နေချိန်မှာ ခေါင်းခဲစရာ ရွေးချယ်မှုတွေ၊ သံသယတွေ၊ တစ်ဖက်သတ်ခံစားမှုတွေနဲ့ မရေရာတဲ့အခြေအနေတွေ ဆုံတွေ့လာရတယ်။ ဒါပေမယ့် အားကြီးသူဆိုတာ အမြဲအောင်နိုင်နေသူမျိုးမဟုတ်ဘဲ သူ့အနားကသူတွေကို အားဖြစ်စေတဲ့သူ၊ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို စွန့်လွှတ်အနစ်နာခံရမယ်ဆိုရင်တောင်မှ ခွန်အားတွေပေးစွမ်းနိုင်တဲ့သူဆိုတာ တနေ့နေ့မှာ သူတို့သောပေါက်နားလည်လာကြတယ်။ ကြည့်ရင်ကြည့်ရင်းနဲ့ ချီဟာယာ၊ တိုင်ချီနဲ့ အာရက်တာတို့ သုံးဦးအကြားက ဇာတ်လမ်းက ရှုပ်ထွေးသထက်ရှုပ်ထွေးလာကာ နောက်ဆုံးအဖြေတွေ ရှင်းသွားတဲ့အထိ ရင်တမမ ခံစားကြည့်ရှုလိုက်ပါ။

အတူကြည့်ရန်အဖော်။:သင့်ကလေးဘ၀ ငယ်သူငယ်ချင်းများ

မလွတ်ရမယ့် အခန်းများ။: ကရူတာ ဂျပန်ဖဲချပ်လေးတွေ ထိလိုက်တဲ့အချိန်မှာ ချီဟာယာမျက်ဝန်းထဲက အကြည့်တွေပါတဲ့အခန်းတိုင်းနဲ့ နောက်ဆုံးပြိုင်ပွဲ။

ထောက်ခံရတဲ့အကြောင်းရင်း။ စီးရီးတွဲထဲမှာ အားအကောင်းဆုံးအပိုင်းဖြစ်သလို မာစတာပိစ်လည်းဖြစ်တယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ဘယ်လိုအဖြေထွက် အဆုံးသတ်သွားမလဲ ခံစားကြည့်ရှုလိုက်ရအောင်။

2.၂။ ပြီးပြည့်စုံတဲ့လောက (パーフェクトワールド 君といる奇跡)

အချစ်ဆိုတာ ပုံစံအမျိုးမျိုးရှိတယ်။ ဒါပေမယ့် ဘယ်ပုံစံမှတော့ ပြီးပြည့်စုံခြင်းမရှိပါဘူး။ ထိုသို့တိုင်အောင်လည်း တစ်နေရာရာမှာ တစ်စုံတစ်ဦးအပေါ် ကျွန်တော်တို့ခံစားမှုတွေဟာ အလွန်သန့်ရှင်းစင်ကြယ်မယ်၊ အလွန်သန်မာအား ကောင်းမယ်ဆိုရင်တော့ အခက်အခဲမှန်သမျှဟာ ခရီးလမ်းရှည်ကြီးတစ်ခုမှာ ခဏတဖြုတ် ရပ်နားမှုသာသာ ဖြစ်လာတယ်။ အဲသလိုပဲ ပြီးပြည့်စုံမှုဆိုတာကလည်း ပိုမိုနီးစပ်လာတယ်။ အသက် ၂၄ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း ဆူဂူမိ (ဟာနာ ဆူဂီ ဆာကီ) ဟာ အထက်တန်းကျောင်းတုန်းက သူမရဲ့ချစ်သူ အစ်ဆူကီ (တာကာနိုရီ အိုင်ဝါတာ) နဲ့ အလုပ်ကနေတစ်ဆင့် မထင်မှတ်ဘဲ ပြန်လည်တွေ့ဆုံရတယ်။ ဒါပေမယ့် သူမချစ်သူဟာ အရင်ကိုယ်ခန္ဓာနဲ့ အရင်စိတ်နေစိတ်ထားမျိုး မဟုတ်တော့ဘူး။ ချစ်သူက အခုဘီးတပ်ကုလားထိုင်ပေါ်မှာ။ ဘယ်သွားသွား သူများအကူအညီလိုနေတယ်။ အဆိုးဆုံးကတော့ အချစ်ဆိုတာကို သူအပြီးတိုင် စွန့်လွှတ်လိုက်ခြင်းပဲ။ တခြားသူတွေရဲ့ဘ၀မှာ သူဟာအမြဲဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာပဲလို့ခံယူ ပြီးအချစ်ဆိုတာကို ကျောခိုင်းပစ်ခဲ့တယ်။ ဒါပေမယ့် နှစ်ဦးသား ပြန်လည်နီးစပ်လာတဲ့အခါ ဆူဂူမိဟာ သူ့ဘ၀မှာ အထူး အရေးပါလာပြီး နောက်ဆုံးမှာတော့ ပြီးပြည့်စုံတဲ့လောကဆိုတာ တကယ်ဖြစ်တည်နိုင်ပါလားဆိုတာ သူရှာဖွေတွေ့ရှိခဲ့တယ်။

ကျွန်တော်တို့ချစ်ခင်မြတ်နိုးရသူတွေဟာ ကျွန်တော်တို့နဲအတူတူ အမြဲရှိနေမှာမဟုတ်ပါဘူး။ အခုကနေ နောက် ၅ နှစ်၊ ၁၀နှစ်ကြာတဲ့အခါ သူတို့အတူတူ ရှိချင်မှရှိမယ်၊ ရှိရင်တောင် အရင်လိုလည်းဟုတ်ချင်မှဟုတ်တော့မယ်။ ဒါပေမယ့် အချစ်ဆိုတာဘယ်လိုပဲ ခက်ခဲကြမ်းတမ်းပါစေ၊ လက်တွဲမဖြုတ်စတမ်း အတူတူဆက်ချီတက်ကြဖို့ပါပဲ။ ဒီရုပ်ရှင်က အဲဒီ အချစ်ဆိုတာကို အတိအကျ အဓိပ္ပာယ်ဖော်ကျူးပေးထားတယ်။


အတူကြည့်ရန်အဖော်။: သင်အလွန်ချစ်မြတ်နိုးသူ တစ်စုံတစ်ဦး

မလွတ်ရမယ့် အခန်းများ။: အစ်ဆူကီရှိရာဆေးရုံကို ဆူဂူမိလာလည်တဲ့အခန်းနဲ့ နှစ်ယောက်ပေါင်းလိုက်ရင် သူတို့ ဘယ်လို တစ်သားတည်း၊ တစ်ဖွဲ့တည်းဖြစ်သွားတယ်ဆိုတာ သိရှိနားလည်သွားကြတဲ့အခန်း။

ထောက်ခံရတဲ့အကြောင်းရင်း။ ဆူဂီဆာကီနဲ့ အိုင်ဝါတာတို့ အတော်ခက်ခက်ခဲခဲ အစွမ်းပြသရုပ်ဆောင်ထားရတဲ့ ဇာတ်လမ်းဖြစ်သလို သင့်ကိုမျက်ရည်မခိုင်အောင်ဖြစ်စေမယ့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းဖြစ်ပါတယ်။

3.ကျားမ နှစ်ယောက်တွဲပွဲ(ミックス。)

စားပွဲတင်တင်းနစ်မှာ ဘေ့စ်ဘောလို တစ်ချက်ကောင်းရိုက်ပြီး ကွင်းတစ်ပတ်ပြေးလို့ အောင်ပွဲခံနိုင်တာမျိုးမရှိဘူး။ ပြီးတော့ အံ့ဖွယ်သရဲအဖြစ်အပျက်တွေလည်း မပါဝင်ဘူး။ စားပွဲတင်တင်းနစ် သို့မဟုတ် ပင်ပေါင်ဆိုတာ ရိုးရှင်းတဲ့အားကစားနည်းတစ်ခုမျှသာ။ သူ့မှာထင်ပေါ်ကျော်ကြားမှုမရှိသလို လှပတဲ့တူညီဝတ်စုံတွေမရှိ။ မီးမောင်းကြီးတွေ အထင်အရှား ထိုးပေးထား၊ အာရုံထားရတဲ့ ကစားနည်းလည်းမဟုတ်။ ဒါပေမယ့် စားပွဲတင်တင်းနစ်ဟာ ဘ၀သင်ခန်းစာအချို့ကို သင်ကြားပေးနိုင်ပါတယ်။ ဘယ်အချိန်မှာ အရှုံးပေးရမယ်၊ ဘယ်အချိန်မှာ ဆက်ဖိအားပေးရမယ်နဲ့ ဘယ်အချိန်မှာ ပြောင်းလဲရမယ်ဆိုတာတွေ အပါအ၀င်ပေါ့။ အသည်းကွဲနေတဲ့ တစ်ချိန်က ပင်ပေါင်ပါရမီရှင်လေး တာမာကို တိုမီတာ (ယူအီ အာရာဂါကီ) ဟာ ကျေးလက်ဂျပန်က သူမရဲ့အိမ်ကိုပြန်ရင်း၊ ကလေးမျက်နှာလေးနဲ့ သူမရဲ့ချစ်သူကောင်လေး၊ နာမည်ကျော် စားပွဲတင်တင်းနစ်ကစားသမားက သူမကိုပစ်ပြီး နောက်တစ်ယောက်နဲ့ တွဲနေတဲ့အချိန်၊ တာမာကိုတစ်ယောက် အရက်တွေသောက်၊ ဒေါသတွေပေါက်ကွဲနဲ့ ကြည့်ရှုသူအပေါင်းကို ဖမ်းစားခေါ်ဆောင်သွားတယ်။ ချစ်သူကောင်လေးကို ပြန်လည်အနိုင်ယူဖို့ တာမာကိုဟာ ကွယ်လွန်သွားတဲ့ သူမအမေရဲ့ ပင်ပေါင်အားကစားရုံကိုပြန်ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ အနည်းငယ်မျှသော ကစားသမားတွေကိုစုစည်းလို့ ရည်းစားဟောင်းဝင်ပြိုင်နေတဲ့ နိုင်ငံအဆင့်ပြိုင်ပွဲကို ပါဝင်ဆင်နွှဲ့တယ်။ တာမာကိုရဲ့အသင်းမှာ လူလတ်ပိုင်းစုံတွဲတစ်တွဲ၊ ပြောရဆိုရခက်ပြီး ဆရာဝန်ကတော်မလုပ်ချင်တဲ့ ဆယ်လီ တစ်ယောက်၊ အူကြောင်ကြောင်ဆယ်ကျော်သက်တစ်ဦးနဲ့ ဆုံးရှုံးလိုက်ရတဲ့မိသားစုအတွက် နောင်တတွေရရင်း ပင်ပေါင် ကိုကစားဖြစ်လာတဲ့ ကြေးစားလက်ဝှေ့သမားဟောင်းတစ်ဦးဖြစ်တဲ့ ဟီဆာရှိဟာဂီဝါရာတို့ပါဝင်တယ်။ တာမာကိုက ဟာဂီဝါ ရာနဲ့ ကျားမနှစ်ယောက်တွဲပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကစားတယ်။ နောက်ဆုံးဟာဂီဝါရာဟာ သူမဘ၀ရဲ့ အရေးပါတဲ့သူ ဖြစ်လာပြီး သူမကိုယုံကြည်မှုတွေ၊ ကစားပွဲကိုချစ်မြတ်နိုးစိတ်တွေ ပြန်လည်ရှင်သန်လာအောင် နှိုးဆွပေးနိုင်ခဲ့တယ်။ ရှုပ်ထွေးမှုတွေ၊ မလုံခြုံမှုတွေကိုရင်ဆိုင်ကျော်လွှားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ပင်ပေါင်မှာစမက်ခ်ျဆွဲပြီး အပိုင်ခုတ်ချလိုက်သလိုမျိုး သင့်ကို အပြုံးတွေ အနန္တနဲ့ လန်းဆန်းကြည်နူးသွားစေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

အတူကြည့်ရန်အဖော်။:ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်ရဖို့လိုအပ်နေတဲ့ အသည်းကွဲမိတ်ဆွေတစ်ဦး

မလွတ်ရမယ့် အခန်းများ။: ဖိုင်နယ်ပွဲယှဉ်ပြိုင်ဖို့ ဟာဂီဝါရာက တာမာကို ကို သွားခေါ်တဲ့အခန်း၊ ပြီးနောက် တာမာကိုရဲ့ အရင် ရည်းစားနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အတတ်နိုင်ဆုံး စိတ်အေးအေးထားပြီး ရင်ဆိုင်ရတဲ့အခန်း။

ထောက်ခံရတဲ့အကြောင်းရင်း။ အားကစားအခြေခံတဲ့ အချစ်-ဟာသ အနှောဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရယ်မော စရာ၊ မျက်ရည်တစမ်းစမ်းဖြစ်စရာတွေအပြည့်နဲ့ ရုပ်ရှင်ချစ်သူတိုင်းကို သဘောကျနှစ်သက်စေမယ့် ဇာတ်ကားတစ်ကား လည်း ဖြစ်ပါတယ်။

4. ၄။ ၈ နှစ် ၈ မိုး (8年越しの花嫁 奇跡の実話)

အချစ်အတွက် ဘယ်လောက်ကြာအောင် သင်စောင့်စားရမလဲ။ အရာရာ အရေးနိမ့်ဆုံးရှုံးဖို့ ဖြစ်လာရင်တောင် သင် ဘယ်လောက်ကြံ့ကြံ့ခံနိုင်မလဲ။ ဂျပန်တောင်ပိုင်း အိုကာယားမာမှာနေထိုင်တဲ့ လူငယ်စုံတွဲတစ်တွဲရဲ့ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဒီ ၈ နှစ် ၈ မိုး ဇာတ်ကားလေးဟာ တစ်နိုင်ငံလုံးကို မျက်ရည်ဖြိုင်ဖြိုင် သွန်းစေခဲ့ပြီး ခေတ်သစ်ဂျပန်ပြည်ရဲ့ လူတွေအနှစ်သက်ဆုံး အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့တယ်။ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ — အသက်ဝင်မှုအပြည့်နဲ့ မိုင် (တာအိုဆူချီယာ) နဲ့ သူမရဲ့အဖော် ဟီဆာရှီ (တာကဲရုဆာတို) — သူတို့နှစ်ဦးတွေ့ဆုံ၊ ချစ်ကျွမ်းဝင်၊ စေ့စပ်ကြောင်းလမ်းကြ။ အဲဒီနောက်မင်္ဂလာဆောင်ဖို့ စတင်ပြင်ဆင်ကြတယ်။ ဒါပေမယ့် အဲဒီမင်္ဂလာ နေ့ထူး နေ့မြတ်ကြီးရောက်ဖိ့ လအတန်ငယ်လိုသေးတဲ့အချိန်မှာ မိုင်တစ်ယောက် ဟစ်စတီးရီးယား ရောဂါဖောက်လို့ နောက်ဆုံး သတိလစ်ကာ ဆေးရုံတင်လိုက်ရ၊ ပြန်ကောင်းဖို့ လက္ခဏာလည်း ဘာဆိုဘာမှမမြင်ရတော့။ နောက်တစ်နှစ်အကြာမှာ မိုင် တစ်ယောက် ပြန်လည်နာလန်ထူ နိုးထလာခဲ့။ သို့ပေမဲ့ သူမက ခင်ပွန်းလောင်းဟီဆာရှီအကြောင်း တစ်လုံးတစ်ပါဒမှ မမှတ်မိတော့ဘူး။ ဒီလိုနဲ့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ တိုက်တွန်းမှုတွေ ကြားထဲကနေ ဟီဆာရှီတစ်ယောက် ဆက်လက်မျှော်လင့်ချက်ထားနေဆဲ၊ ဆုတောင်းနေမြဲ၊ သူတို့လက်ထပ်ပွဲကျင်းပဖို့စီစဉ်ထားတဲ့ မင်္ဂလာခန်းမကို နှစ်စဉ် ကြိုတင်ငှားရမ်းဖြစ်နေဆဲ။ ဒီလိုနဲ့ ၈ နှစ်တာ ကြာသွားတဲ့အချိန်မှာ မျက်လှည့်ပြလိုက်သလို အံ့သြမကုန်နိုင်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လို့လာတယ်။ ကြည့်နေရင်း မျက်ရည်တွေ တတွေတွေစီးကျလာလောက်အောင် ကြည်နူးစရာကောင်းလှတဲ့ ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းတစ်ပုဒ်။ ဒီဇာတ်ကားကြည့်ရင်း အချစ်ဆိုတာကို သင်ပြန်လည်ယုံကြည်မိလာမှာ ဖြစ်ပါတယ်။

အတူကြည့်ရန်အဖော်။:သင်နဲ့ သင့်ချစ်သူ၊ နောက်ပြီး အခြားစုံတွဲတစ်တွဲနဲ့ပေါင်းပြီး စုံတွဲနှစ်တွဲ ချိန်း၍ကြည့်ပါ။

ထောက်ခံရတဲ့အကြောင်းရင်း။ မိုင်က ဟီဆာရှီကို မမှတ်မိတဲ့အကြောင်း၊ ဘာပဲဖြစ်ဖြစ် ဟီဆာရှီအပေါ် သူမရဲ့ခံစားချက်တွေဖွင့်ပြောဖို့ အကြောင်းဖွင့်ဟ၀န်ခံတဲ့အခန်းနဲ့ အဲဒီနောက်ပိုင်း ဟီဆာရှီက သူမကိုပြောပြတဲ့ အခန်းတွေ ဖြစ်ပါတယ်။

ထောက်ခံရတဲ့အကြောင်းရင်း။ : အားလုံးပြီးသွားတဲ့အခါ ပျော်ရွှင်စွာအဆုံးသတ်ကြလေသတည်းဆိုတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက သိပ်ကို ကောင်းတာတွေဖြစ်လွန်းလို့ ဟုတ်မှဟုတ်ပါ့မလားလို့ သင် သံသယ၀င်လာ ခဲ့မယ်ဆိုရင် ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတယ်ဆိုတာ မမေ့ပါနဲ့။ ဆူချီယာနဲ့ ဆာတို သရုပ်ဆောင် အတွဲရဲ့ဆေးစက်ကျရာ အရုပ်ထင်မှုဟာ ပရိတ်သတ်တွေအတွက် မတ်တပ်ရပ် အထူးသြဘာပေးရလောက်အောင် ပြောင်မြောက်လွန်းလှတယ်။

5. ၅။ ယာကီနီကူ နဂါး (焼肉ドラゴン)

ထိုးထိုးထောင်ထောင် အိမ်ရာတွေ၊ နေပူလှန်းထားတဲ့ အ၀တ်တန်းတွေရဲ့အနောက်၊ ကတ္တရာမခင်းထားတဲ့ လမ်းကျဉ်းကလေးထဲမှာ ဒီနေရာလေးကိုပဲ ကိုယ့်မြေ၊ ကိုယ့်ယာ၊ ကိုယ့်အိမ်အဖြစ် ဂုဏ်ယူဝံ့ကြွားစွာမှတ်ယူပြီး နေထိုင်ကြတဲ့ မိသားစုတစ်ခုရဲ့ အိမ်တစ်လုံးရှိနေတယ်။ အိမ်က ယိုင်နဲ့နဲ့ဖြစ်နေသော်ငြား ဒီမိသားစုလေးကို ချည်နှောင်ထားတဲ့ကြိုးက အသွေးအသားထက် ပိုနက်ရှိုင်းတယ်၊ နိုင်ငံနယ်နိမိတ်တွေထက် ကျော်လွန်ပြီး လေးနက်တယ်။ ဒီနေရာလေးမှာ ကင်မိသားစုရဲ့ ဟာကီနီကူ နဂါးအသားကင်ဆိုင်လေးရှိရဲ့။ အဖေက ရူကီချီ (ဆန်းဟိုကင်)၊ အမေက ယန်းဆွန်း (ဂျွန်ဂျွန်း လီး)၊ ရူကီချီရဲ့သမီးတွေဖြစ်တဲ့ ရှီဇူကာ (ယိုကိုမာကီ) နဲ့ ရီကာ (မာအိုအင်နိုအူး)၊ ယန်းဆွန်းရဲ့သမီး မီကာ (နာနာမီ ဆာကူ ရာဘာ)၊ ရူကူချီနဲ့ ယန်းဆွန်းတို့ရဲ့ ဆယ်ကျော်သက်သားငယ် တိုကီအို (ရှင်ပေအူး)။ သူတို့ဟာ စစ်အတွင်းက ဂျပန်ပြည် ရောက် ကိုရီးယားမိဘတွေကမွေးလာတဲ့ ကိုရီးယားလူမျိုးနှစ်ဦး။ (စစ်ပြီးတော့လည်း မိဘတွေ အိမ်မပြန်နိုင်ကြဘူး။) ကလေးတွေကိုတော့ ဂျပန်နိုင်ငံသားတွေအဖြစ် ပြုစုပျိုးထောင်ခဲ့တယ်။ နောက်ဆုံး သူတို့ဟာ ဂျပန်လူမျိုးတွေမဟုတ်ဘူး ဆိုတာ အသိပေးလိုက်တဲ့အချိန်အထိပေါ့။ မိသားစုအတွင်း ငိုပွဲ၊ ရန်ပွဲ၊ အော်ဟစ်ပွဲတွေရဲ့ကြား နွေးထွေးမှု၊ လက်ရှိဘ၀ကို လက်ခံမှု၊ အနာဂတ်ကို မျှော်လင့်မှု၊ နောက်ဆုံး အားလုံးနဲ့သက်ဆိုင်တဲ့ ဇစ်မြစ်ကိုသာ အမြဲပြန်လည်ရောက်ရှိမှုတွေကို တွေ့ရမယ်။ အဲဒီဇစ်မြစ်ကတော့ မိသားစုဆိုတဲ့ အရာပါပဲ။ ဂျပန်နိုင်ငံမှာ လူနည်းစုအဖြစ်နေထိုင်ရတဲ့သူတွေအကြောင်းက ထိလွယ်ရှလွယ် အကြောင်းအရာ။ ဒါကို ရိုက်ကူးထားတဲ့ ရုပ်ရှင်။ မျိုးဆက်တွေအကြား မတူညီတဲ့ဘ၀အမြင်တွေ၊ အရှုံးကို လက်ခံဖို့ လူသားရဲ့ရုန်းကန်မှု၊ အိမ်ဆိုတာ ကိုယ့်နှလုံးသားရှိရာအရပ်စတဲ့ အကြောင်းအရာတွေ ရောယှက်တင်ဆက်ထားတယ်။ ကိုယ့်ဗီဇဇစ်မြစ်က ဘာလဲ၊ ကိုယ့်လူမျိုးက ဘာလဲ၊ ငါကိုယ်တိုင်ကကော ဘာများလဲလို့ မေးခွန်းထုတ်နေသူတွေအတွက် ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။


အတူကြည့်ရန်အဖော်။: တစ်ယောက်ထဲ ကြည့်ပါ။ သို့သော် ကြည့်ပြီးရင် သင့်မိသားစုဆီ ဖုန်းဆက်ပါ။

မလွတ်ရမယ့် အခန်းများ။: ဘယ်လိုမှ ဆက်ပြီးငြင်းဆန်လို့မရတော့တဲ့ အဖြစ်မှန်တစ်ခုကို နောက်ဆုံး ယူကီချီက နှလုံး ကြေကွဲဖွယ် လက်ခံလိုက်ရတဲ့ အခန်းနဲ့ ရီကာရဲ့ တပ်မက်လွန် တားမြစ်အနမ်း။

ထောက်ခံရတဲ့အကြောင်းရင်း။ : ဒီရုပ်ရှင်က စစ်ပြီးခေတ် ဂျပန်စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ ပေမယ့် အသိအမှတ်ပြုမခံရတဲ့တဲ့ မိသားစုတစ်ခုအကြောင်း ဇာတ်လမ်းကို ရိုက်ကူးထားတယ်။ ရယ်စရာ၊ ငိုစရာတွေ၊ အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့ အားရကြည်နူးဖွယ် ဇာတ်လမ်းတစ်ပုဒ်မို့လို့ မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

စာသား။ ဂျပန်ရုပ်ရှင်ပွဲတော် အယ်ဒီတာအဖွဲ

RECOMMEND POSTS

GENERAL
MULTIPLE LANGUAGE
၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၂
အောက်တိုဘာ 31, 2018
ပြီးခဲ့တဲ့လတုန်းက မျက်ရည်စို့စရာ အချစ်ဇာတ်လမ်းတွေ၊ ကြည်နူးစရာ မိသားစုဇာတ်လမ်းတွေနဲ့ စိတ်အား တက်စရာ အ
GENERAL
MULTIPLE LANGUAGE
ခွေးချစ်သူတိုင်းကြည့်သင့်သည့် နွေးထွေးဖွယ် ဂျပန်ရုပ်ရှင် ၆ ကား
ဒီဇင်ဘာ 21, 2018
ဂျပန်နိုင်ငံသည် ကြောင်ချစ်သောနိုင်ငံအဖြစ် လူသိများသော်လည်း (နိုင်ငံတစ်ဝှမ်း ကြောင်ကော်ဖီဆိုင်များ ပေ
LIFESTYLE
MULTIPLE LANGUAGE
“ကမ်းပိုင်း! အားလုံး​သောဆာ​ကေးချစ်​သူများအတွက်”​ တွင်​မြင်​​တွေ့ရ​သော
ဒီဇင်ဘာ 10, 2018
ဒီ​နွေး​ထွေးပျူငှာတဲ့ မှတ်​တမ်းတင်​ဇာတ်​လမ်းတိုမှာ ဆာ​ကေးသည်​​ သောက်​စရာတစ်​ခုထက်​ပို​ကြောင်းြေ
ページトップへ